ပတ်ဝန်းကျင်      

ပုပ္ပားတောင်ကို ယူနက်စကိုအသိအမှတ်ပြု အမိကမ္ဘာစခန်းသာအဖြစ် မကြာမီတင်သွင်းပါမည်

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပားတောင်ကို ယူနက်စကိုအသိအမှတ်ပြု အမိကမ္ဘာစခန်းသာအဖြစ်မကြာမီ တင်သွင်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းအတွင်းရေးမှူး ဦးသန်းထွန်း၏ပြောကြားချက်အရ သိရသည်။
ယခုအခါ ပုပ္ပားတောင်ကို အမျိုးသားအဆင့် ပုပ္ပားတောင် အမိကမ္ဘာစခန်းသာအဖြစ် သတ်မှတ်နိုင်ရေး ပထမအဆင့်အနေဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။
ယူနက်စကိုတင်သွင်းဖို့ ပြင်ဆင်နေပါပြီ။ 
သတင်းအချက်အလက်ကောက်ယူခြင်းလုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးနေပါပြီ။
ဒီဇင်ဘာလမှာ အမျိုးသားအဆင့်ပုပ္ပားတောင်အမိကမ္ဘာစခန်းသာကို စတင်ဖွင့်လှစ်ဖို့ ဆောင်ရွက်နေပါတယ်။

ဒီဒေသမှာ စိတ်ဝင်စားဖွယ်ရာရုပ်ကြွင်းတွေနဲ့ ရှားပါးဘူမိဆိုင်ရာလေ့လာစရာတွေလည်းရှိပါတယ်။
နောက်တစ်ခုက ထိန်းသိမ်းစောင့်ရှောက်ရမယ့်ဒေသအတွင်း ပါဝင်နေတာကြောင့်ယူနက်စကိုအသိအမှတ်ပြုဖို့ အရေးကြီးပါတယ်ဟု ဦးသန်းထွန်းကပြောသည်။

ပုပ္ပားတောင်ကို ယူနက်စကိုအသိအမှတ်ပြု အမိကမ္ဘာစခန်းသာပြုလုပ်ရန် ယင်းတောင်အားဗဟိုပြု၍ စတုရန်းမိုင် ၅၀ ပတ်လည်အတွင်း သုတေသနအချက်အလက်ကောက်ယူခြင်းလုပ်ငန်းများကို၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှစ၍ ဆောင်ရွက်ခဲ့သည်။

သုတေသနပြုလုပ်ရာတွင် ဆင်အရိုးကျောက်ဖြစ်ရုပ်ကြွင်းများ၊ ငှက်သိုက်ကျောက်ဖြစ်ရုပ် ကြွင်းနှင့် တခြားသောစိတ်ဝင်စားဖွယ်ရာကျောက်ဖြစ်ရုပ်ကြွင်းများ၏ အသေးစိတ်အချက်အလက်များကို စာရင်းပြုစုထားကြောင်းနှင့် ပုပ္ပားတောင်အမိကမ္ဘာစခန်းသာအား ယူနက်စကို အသိအမှတ်ပြုဒေသဖြစ်လာပါက ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

Credit: မြဝတီ

သတင်းသစ်များ