မှုခင်း      

မူကြိုဆရာမလေးသတ်ခံရမှု မိသားစုရဲ့ပြောပြချက်

ကော့ခပံုံက မူကြိုဆရာမလေးသတ်ခံရမှုနဲ့ပတ်သက်ပြီး ကျန်ရစ်သူ မိသားစုများနှင့် စခန်းမှူးတို့ကိုတွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

သေဆုံးသူ မူကြိုဆရာမလေး မချမ်းဟာ ရိုးသားအေးချမ်းသူတစ်ယောက်ဖြစ်သလို တခြားသူတွေနဲ့ စီးပွားရေးအရ၊ လူမှုရေးအရ ငွေရေးကြေးရေးအရ ရှုတ်ရှုတ်ထွေးထွေးမရှိပဲ ဆရာမအလုပ်ကိုပဲ စိတ်ဝင်တစား ကြိုးစားလုပ်ကိုင်နေသူ တစ်ဦးဖြစ်တယ်လို့ သိရှိရပါတယ်။ ခင်ပွန်းဖြစ်သူ ကိုဒေါ်လာနဲ့ (၃)နှစ်လောက် မေတ္တာရှိခဲ့ကြပြီးမှ အိမ်ထောင်ပြုခဲ့ကြခြင်းဖြစ်ပါတယ်၊ ရန်ညှိးရန်စဖြစ်ရလောက်တဲ့ အချစ်ရေးကိစ္စ၊ လူမှုရေးကိစ္စတွေ မရှိခဲ့သလို အိမ်ထောင်ကျပြီး(၂)နှစ်တာအတွင်းမှာလည်း ကိုဒေါ်လာနဲ့ အိမ်ထောင်ရေးအဆင်မပြေတာမျိုးလည်း မရှိခဲ့ကြတာကို တွေ့ရပါတယ်။

ကိုဒေါ်လာက ထိုင်းမှာအလုပ်လုပ်နေရတဲ့အတွက် ဇွန်လ (၁၈)ရက်ကပဲ ထိုင်းကိုထွက်သွားခဲ့ပါတယ်၊ နှစ်ပတ်လောက်အကြာဖြစ်တဲ့ ဇူလိုင်(၆)ရက်နေ့မှာ သူမပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ပါတယ်။ သူမ နောက်ဆုံး မူကြိုကျောင်းကနေ မုဒုံသွားဖို့ကိစ္စကိုလည်း ထိုင်းမှာရှိနေတဲ့ ကိုဒေါ်လာကို messenger ကနေ ဆက်သွယ်အသိပေးခဲ့ပြီး၊ ဖုန်းနားကြပ်ဝယ်ဖို့လည်းရှိတဲ့အကြောင်း၊ ဝယ်ပြီးရင်လည်း လိုင်းကနေ စကားပြောမယ်ဆိုတဲ့အကြောင်း ကိုဒေါ်လာကို ကြိုတင်ပြောခဲ့ပါတယ်၊ ဒါပေမယ့် မိုးချုပ်တဲ့အထိ လိုင်းပေါ်မှာ မတွေ့တော့ဘဲ ည(၁၂)နာရီလောက်မှသာ သူမပျောက်ဆုံးနေကြောင်း အိမ်ကလှမ်းပြောမှ သိရှိရပါတယ်လို့ ခင်ပွန်းဖြစ်သူ ကိုဒေါ်လာက ဆိုပါတယ်။

မုဒုံကိုသွားဖို့ ညနေ(၃)နာရီခန့်က အိမ်ကနေထွက်သွားတာဖြစ်ပြီး ကျောင်းက ကလေးငယ်တွေအတွက် သင်ကြားရေးအထောက်အကူပြု ပန်းချီကားချပ်တွေ ပလပ်စတစ်လောင်းဖို့အတွက်လို့ ပြောကြားခဲ့သလို မုဒုံမြို့က ရွှေကြယ်ကွန်ပြူတာ/မိတ္တူဆိုင်မှာ တကယ်ပဲအပ်ခဲ့ပါတယ်။ 
အဲဒီဆိုင်က ထွက်ပြီးမှ မုဒုံဟင်္သာဈေးကို သွားခဲ့ပါတယ်လို့ ရဲဘက်က ဆိုထားပါတယ်။

ဟင်္သာဈေးမှာ ဆိုင်ကယ်အပ်တဲ့နေရာမှာ ဆိုင်ကယ်ကိုအပ်နှံခဲ့ပြီး အဲဒီနောက်ပိုင်း သူမပျောက်ဆုံးခဲ့ခြင်းဖြစ်ပါတယ်။ 
ညနေ (၆)နာရီလောက်အထိလည်း ပြန်မရောက်တဲ့အတွက် အမဖြစ်သူမသီတာအေးနဲ့ အကိုကြီးဖြစ်သူ မင်းစိုက်ထော်တို့က ပူပင်ကြီးစွာနဲ့ ရှာကြဖွေကြတဲ့အပြင် အုပ်ချုပ်ရေးမှူးကတဆင့် ရဲအဖွဲ့ကို လှမ်းအကြောင်းကြားခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီညပြန်မရောက်တဲ့အတွက် နောက်တစ်နေ့ (၇.၇.၂၀၁၉)ရက်နေ့မနက် (၈)နာရီမှာ မြို့နယ်ရဲစခန်းဆီမှာ သွားရောက်တိုင်ချက်ဖွင့်ခဲ့ပါတယ်၊ ရဲက လင်ငယ်နောက်လိုက်သွားတာ ဒါမှမဟုတ် တခြားသူတစ်ယောက်နောက်ကိုလိုက်သွားတာပဲလို့ သုံးသပ်တဲ့အတွက် ကိုစိုက်ထော်က တော်တော်စိတ်မကောင်းကြောင်းဆိုပါတယ်။ 
ရဲဘက်ကတော့ ပတ်ဝန်းကျင်ပြောဆိုဝေဖန်နေတဲ့အနေအထားအရ ယူဆမိတာပါလို့ ဆိုပါတယ်။ 
သို့သော် ရပ်ထဲရွာထဲမှာတော့ ဆရာမလေးမချမ်းဟာ အဲလိုလူမှုရေးဖောက်ပြန်မှုမရှိသလို စာရိတ္တပိုင်းဆိုင်ရာ အေးဆေးတဲ့ဆရာမဖြစ်တဲ့အတွက် လင်ငယ်နောက်လိုက်သွားတယ်ဆိုတဲ့ ပြောဆိုဝေဖန်မှုကို သဘောမတွေ့နိုင်စရာ ဖြစ်ကြရပါတယ်။ 
မုဒုံဈေးမှာ သူမအပ်နှံခဲ့တဲ့ ဆိုင်ကယ်ကို သိမ်းဆည်းထားကြောင်း ကြားသိရတဲ့အတွက် အကိုကြီးဖြစ်သူ ကိုစိုက်ထော်က မွန်းလွဲ(၂)နာရီခန့်မှာ သွားထုတ်ယူခဲ့ပါတယ်။

ဒီလိုနဲ့ မိသားစုဝင်များက သတင်းအစအနများပေါ်လေမလားလို့ ဟိုနားဒီနား သတင်းထောက်လှမ်းစုံစမ်းခဲ့ကြပါတယ်။ 
ခင်ပွန်းဖြစ်သူ ကိုဒေါ်လာက (၈.၇.၂၀၁၉)ရက်နေ့မှာ ထိုင်းကနေ ပြန်ရောက်လာတဲ့အတွက် သူလည်းသောကများစွာနဲ့ ဝိုင်းဝန်းရှာဖွေခဲ့ကြပြန်ပါတယ်။
 (၁၅.၇.၂၀၁၉)ရက်နေ့မှသာ သတင်းကြားတဲ့အတွက် သွားကြည့်ကာမှ သေဆုံးနေတာကို တွေ့လိုက်ရတာ ဝမ်းနည်းပူဆွေးမှုက အထိတ်ထိပ်ထိ တက်လာစေခဲ့ပါတယ်။

သေဆုံးတဲ့နေရာဟာ မုံဒုံကနေ ကော့ခပုံလမ်းဝ မရောက်ခင် အရှေ့ဘက်တောအတွင်းက ဆည်/မြောင်းအပိုင် မြောင်းအတွင်းမှာဖြစ်ပြီး လည်ပင်းကို ကြိုးနဲ့ပတ်ချည်ထားတာကိုတွေ့ရပြီး အလောင်းကိုအိတ်တစ်ခုထဲကို ထည့်သွင်းပစ်ချခဲ့တယ်လို့ ယူဆကြပါတယ်။ 
ရက်ကြာလာတော့ အိတ်ကပေါက်ပြီး အလောင်းပေါ်လာခြင်းဖြစ်တယ်လို့ ယူဆကြပါတယ်။ အဝတ်အစားများက ပုံမပျက်သလို ခန္ဓာကိုယ်ပေါ်မှာလည်း အခြားဒါဏ်မရှိကြောင်း တွေ့မြင်ရပါတယ်၊ ဒါပေမယ့် နကပ်၊လက်စွပ်၊ လက်ကောက် စတဲ့လက်ဝတ်လက်စား ရွှေထည်(၂)ကျပ်နီးပါး မရှိတော့တဲ့အတွက် ပစ္စည်းလုယက်လိုမှုအရလည်း ဖြစ်နိုင်သည်ဟု ထင်မြင်သုံးသပ်မှုလည်းရှိနေပါတယ်။ 
မြို့လည် လူစည်ကားရာနေရာမှာ အဓမ္မဆွဲခေါ်လုယက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် အယုံသွင်းလို့ဖြစ်စေ၊ သွေးဆောင်ဖျားယောင်းလို့ဖြစ်စေ သူမ စီးလာတဲ့ဆိုင်ကယ်ကို ထားရစ်ပြီး တစ်နေနေရာကို လိုက်ပါသွားရာကနေ အခုလို သတ်ပြစ်ခြင်းခံရတယ်လို့ ရဲအဖွဲ့က သုံးသပ်ထားပါတယ်။

သူမဖြစ်စဉ်ဟာ အပေါ်ယံအရသာ ကြည့်မယ်ဆိုပါက လိမ်လည်လှည့်စားခံရပြီးဖြစ်စေ၊ တစ်ဦးတစ်ယောက်က အကွက်ကျကျ စီစဉ်လုယက်သတ်ပြစ်ခဲ့ဖြစ်သည်ဖြစ်စေ ကြားသိရသူအားလုံး စိတ်ဝမ်းနည်းမှုများက မိသားစုနဲ့ ထပ်တူဖြစ်ကြမှာမလွဲဘူးလို့ ယုံကြည်မိပါတယ်။ ဒါကြောင့်မို့ တရားမျှတမှု၊ လူမှုဘဝလုံခြုံစိတ်ချရမှုနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ပေးကြဖို့ ရဲအဖွဲ့ကို တိုက်တွန်းခဲ့သလို အားလုံးလည်း ပူးပေါင်းကူညီပေးကြဖို့ တောင်းဆိုပါတယ်။

ဒေါက်တာအောင်နိုင်ဦး
မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဌ

#မွန်ပြည်နယ်သတင်းစုံ

သတင်းသစ်များ