အနုပညာ      

Song Joong Ki နဲ့ကွာရှင်းဖို့အကြောင်းအရင်းကို ထုတ်ပြောလိုက်တဲ့ Song Hye Kyo

            ပရိသတ်တွေ သဘောအကျဆုံး အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ Song Joong Ki နဲ့ Song Hye Kyo တို့ ဇနီးမောင်နှံဟာ တရားဝင်ကွာရှင်းပြတ်ဆဲကြတော့မယ်ဆိုတဲ့ သတင်းဟာ ဒီနေ့မနက်အစောပိုင်းမှာ ထွက်ပေါ်လာခဲ့ပါတယ်။ 
သူတို့ ၂ ယောက်ဟာ Descendants of the Sun ဇာတ်လမ်းတွဲရိုက်ကူးမှုကနေတဆင့် ဆုံတွေ့ခဲ့ကြတာဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ကြားထဲမှာလည်း သူတို့နှစ်ယောက် အဆင်မပြေတဲ့သတင်းကောလဟလတွေ အဆက်မပြတ်ထွက်ပေါ်ခဲ့ပါတယ်။ 
Song Hye Kyo လူထုကြားထဲထွက်ပေါ်လာခဲ့ရာမှာ လက်ထပ်လက်စွပ်မဝတ်ခဲ့တာတွေကို တွေ့မြင်ခဲ့ရပါတယ်။ 

ဒီနေ့မနက်အစောပိုင်းမှာတော့ Song Joong Ki ဟာ အဆင်မပြေမှုတချို့ ရှိနေတာကြောင့် Song Hye Kyo နဲ့ လမ်းခွဲတော့မှာဖြစ်တဲ့အကြောင်း တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ 
အဲဒီနောက်မှာတော့ Song Hye Kyo ကလည်းပဲ ခင်ပွန်းဖြစ်သူ Song Joong Ki နဲ့ ကွာရှင်းရတဲ့အကြောင်းအရင်းကို သူမရဲ့ အေဂျင်စီဖြစ်တဲ့ United Artists Agency (UAA) Korea ကနေတဆင့် ထုတ်ပြန်ပေးခဲ့ပါတယ်။

"စိတ်မကောင်းဖြစ်စရာသတင်းနဲ့ နှုတ်ဆက်ရတဲ့အတွက် အရင်ဆုံးတောင်းပန်ပါတယ်။ ကျွန်တော်တို့ရဲ့ မင်းသမီး Song Hye Kyo ဟာ သူမရဲ့ ခင်ပွန်းဖြစ်သူနဲ့ သေချာညှိုနှိုင်းစဉ်းစားပြီးနောက်မှာတော့ ကွာရှင်းဖို့အတွက်ကို ပြင်ဆင်နေပါပြီ။ 
ကွာရှင်းရတဲ့အဓိကအကြောင်းအရင်းကတော့ ၂ ယောက်သားရဲ့ အမူအကျင့်တွေနဲ့ ပုံစံတွေက ကွဲပြားတာကြောင့် ဖြစ်ပါတယ်"

"ဒီလိုမျိုး ကွဲပြားနေမှုတွေကို ညှိနှိုင်းမရတာကြောင့် အခုလိုကွာရှင်းဖို့အတွက်ကို ဆုံးဖြတ်ချက်ချခဲ့ကြတာပါ။ 
ဒါဟာ သရုပ်ဆောင် ၂ ယောက်ရဲ့ ကိုယ်ပိုင်ဘဝဖြစ်တာကြောင့် ပုဂ္ဂိုလ်ရေးအသေးစိတ်ကို မထုတ်ပြန်ပေးနိုင်တဲ့အတွက်တော့ နားလည်ပေးပါလို့ တောင်းဆိုပါရစေ။" လို့ဆိုကာ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းကြေညာခဲ့တာဖြစ်ပါတယ်။

Song Joong Ki နဲ့ Song Hye Kyo တို့ ၂ ယောက်ဟာ လွန်ခဲ့တဲ့ ၁ လလောက်ကတည်းက သူတို့အတူနေထိုင်တဲ့ နေအိမ်ကနေ ပြောင်းရွှေ့သွားခဲ့ကြတာဖြစ်ပြီး တရုတ်သတင်းမီဒီယာတစ်ခုကလည်း သူတို့ ၂ ယောက်ဟာ ကွာရှင်းလိုက်ကြပြီလို့ လွန်ခဲ့တဲ့လပိုင်းလောက်ကတည်း သတင်းတွေထုတ်ပြန်ခဲ့ပါသေးတယ်။ 

Credit : Koreaboo 
 

သတင်းသစ်များ