ပတ်ဝန်းကျင်      

“ကျကျန်ခဲ့တဲ့ ပိုက်ဆံအိတ်ကို ပြန်ပေးလို့ အလုပ်နဲ့ နေစရာရသွားသူ အိုးမဲ့ အိမ်မဲ့အမျိုးသား”

“မရှိခိုးနိုး မလှစုန်းမျိုး” လို့ လူတွေ ဆိုစမတ်ပြုကြပေမဲ့ ကမ္ဘာပေါ်မှာ ဥစ္စာပစ္စည်းမရှိပေမဲ့ တကယ့်ကို ရိုးသားဖြောင့်မတ်တဲ့ လူတွေ အနည်းနဲ့ အများတော့ ရှိပါသေးတယ်။ ယခုလည်း ထိုင်းနိုင်ငံက အသက် ၄၅နှစ်အရွယ် Woralop ဆိုတဲ့ အိုးမဲ့ အိမ်မဲ့ အမျိုးသားတစ်ဦးဟာ လုပ်ငန်းရှင်းတစ်ဦးရဲ့ ပိုက်ဆံအိတ်ကျကျန်ခဲ့ပေမဲ့ ရိုးရိုးသားသား ပိုင်ရှင်ထံ ပြန်ပေးခဲ့ပါတယ်။ ထိုပိုက်ဆံအိတ်ထဲမှာ ထိုင်းဘက် ၂၀၀၀၀ (အမေရိကန်ဒေါ်လာ ၅၇၇)နဲ့အတူ ခရက်ဒစ်ကတ်တွေလည်း ပါဝင်ပါတယ်။

Woralop ဟာ မြေအောက်ရထားဘူတာရဲ့ ကြမ်းပြင်တစ်နေရာမှာ အိပ်နေတုန်း အဆိုပါ ပိုက်ဆံအိတ် ပြုတ်ကျသွားတာကို တွေ့ခဲ့ရတာပါ။ အဲ့ဒီနောက် ပိုက်ဆံအိတ်ကို ကောက်ပြီး သူ့ဘဝမှာ ဒီလောက်များတဲ့ ငွေပမာဏကို တစ်ခါမှ မမြင်ဖူးဘူးလို့ ဆိုပါတယ်။ ဒီပိုက်ဆံတွေဟာ လုပ်ငန်းရှင်တစ်ဦးအတွက် ဘာမှ မပြောပလောက်ပေမဲ့ သူ့အတွက်တော့ ကောင်းကောင်းအသုံးချနိုင်လောက်တဲ့ ငွေပမာဏတစ်ခုပါ။

ဒါပေမဲ့လည်း ထိုအမျိုးသားက ပိုက်ဆံကို မယူခဲ့ပါဘူး။ ပိုင်ရှင်ထံ သွားပြန်ပေးဖို့ မမှီလိုက်တဲ့အတွက် အနားရှိ ရဲစခန်းကို အပ်ခဲ့ပါတယ်။ အဲ့ဒီနောက် ပိုင်ရှင်ဖြစ်သူ Niity Pongkriangyos က သူ့ပိုက်ဆံအိတ်ပျောက်သွားလို့ ရဲစခန်းမှာ အကူအညီလာတောင်းတဲ့အခါမှာတော့ သူ့ပိုက်ဆံအိတ်ကို ကောက်ရသူတစ်ဦးက ရဲစခန်းမှာ လာအပ်ထားကြောင်းသိခဲ့ရပါတယ်။

အဲ့ဒီနောက် Nitty ဟာ သူ့ပိုက်ဆံအိတ်ကောက်ရတဲ့သူကို တွေ့ချင်ပါတယ်ဆိုပြီး ရဲတွေနဲ့အတူ အနီးနားတစ်ဝိုက်မှာ ရှာဖွေခဲ့ပါတယ်။ ကောက်ရတဲ့သူကိုတွေ့တဲ့အခါမှာတော့ ထိုသူဟာ အိမ်းမဲ့အိမ်မဲ့ တစ်ဦးဖြစ်နေမှန်း သိခဲ့ရပါတယ်။ ဒါ့ကြောင့် ထိုအမျိုးသားရဲ့ ရိုးသားမှုကို ဂုဏ်ပြုတဲ့အနေနဲ့ ဘန်ကောက်မှာရှိတဲ့ သူ့စက်ရုံမှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ပထမပိုင်းမှာ သူ့အတွက် လိုအပ်တာသုံးဖို့ ထိုင်းဘတ် ၂၀၀၀ ပေးခဲ့ပါတယ်။ အဲ့ဒီနောက် သူ့အတွက် နေရာထိုင်ခင်းအပါအဝင် တစ်လကို ဘတ် ၁၁၀၀၀ နဲ့ အလုပ်ခန့်အပ်ခဲ့ပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာလည်း Woralop ရဲ့ ပုံကို ပို့စ်တင်ပြီး ရိုးသားသူက သနား ကြင်နာတတ်သူတွေ တွေ့ဆုံမိတဲ့အခါ အခွင့်အလမ်းကောင်းတွေ အများကြီး ရရှိကြောင်း ဒီလိုလူမျိုးကို အတုယူသင့်ကြောင်း ရေးသားထားခဲ့ပါတယ်။ ဒါက နှစ်ဦးနှစ်ဖက်စလုံးရဲ့ စိတ်ချမ်းသာမှုနဲ့ ပျော်ရွှင်မှု ပေးစွမ်းနိုင်တယ်လို့ဆိုပါတယ်။

credit – Life Style Myanmar

 

သတင်းသစ်များ