ကဗျာ      

ဘဝ ကော်ဖီ

နာနာမွှေလို့ အရသာပိုကောင်းလာတာ
ကော်ဖီပဲ ရှိမှာပေါ့ ။

နှလုံးသားရယ် စိတ် စေတသိက်ရယ် 
ဘဝအမြင်တွေရယ်က တစ်ဦးနဲ့ 
တစ်ဦး တူကြတာမှ မဟုတ်တာ။

သူ့ရှင်သန်မှုကို ခင်ဗျားစိတ်တိုင်းကျ
ပြောင်းလဲပစ်ဖို့ အမြဲမဖြစ်နိုင်သလို…

သူ့စိတ်အလိုကျ ခင်ဗျားလိုက်နေဖို့လည်းတစ်ချိန်လုံး လုပ်မရပါဘူး။

သဘာဝကို လက်ခံရင်း 
မတူတာနှစ်ခု ပေါင်းစည်းကြည့်ပါ။

အတင်းအဓမ္မ ရောမွှေ
ဟပ်စပ်ဖို့ မကြိုးစားပါနဲ့။

ချစ်ခြင်းမေတ္တာစစ်စစ်က စင်းလုံးချောတွေ တစ်သွေးမတိမ်း ထပ်တူညီမှုတွေကို 
ကိုယ်စားမပြုဘူး။

အပြစ်အနာအဆာလေးတွေ မတူကွဲပြားမှု လေးတွေကို ဘယ်လောက် နားလည်ချစ်ခင် ပေးတာကို ဖော်ညွှန်းကြတာပါ။

စာနာစိတ်နဲ့ဖျော်တဲ့ ဘဝကော်ဖီက
အခါးကဲရင်တောင် အရသာရှိတတ်ပါတယ်။

Credit : အေးရိပ်

သတင်းသစ်များ