အားကစား      

” ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဖြစ်ဖို့ ရီးရဲလ် မက်ဒရစ် ကို ရောက်လာတဲ့ အီဒင် ဟာဇတ် ”

မနေ့ည ကပဲ ဘယ်လ်ဂျီယမ် လက်ရွေးစင် တောင်ပံ ကစားသမား အီဒင် ဟာဇတ် ဟာ ရီးရဲလ် မက်ဒရစ် အသင်း ရဲ့ အိမ်ကွင်း ဆန်တီယေဂို ဘာနေဗျူး သို့ ရောက်ရှိ လာခဲ့ပြီး အသင်း နဲ့ အတူ ပထမဆုံး ရီးရဲလ် မက်ဒရစ် ဂျာစီ ကိုင်ပြီး တရားဝင် စာချုပ် ချုပ်ဆိုမှု တွေ ပြုလုပ် နိုင်ခဲ့ပါတယ် ။ ထို့အပြင် ရီးရဲလ် ကစားသမား ဘဝ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲ ကို ပြုလုပ် ခဲ့သလို ဟာဇတ် ဟာ ရီးရဲလ် မက်ဒရစ် ပရိသတ် တွေနဲ့လည်း တရားဝင် မိတ်ဆက်မှု တွေ ပြုလုပ် ခဲ့ပါတယ် ။

ဟာဇတ် ဟာ ချယ်လ်ဆီး အသင်း ကနေ ရီးရဲလ် မက်ဒရစ် အသင်း ကို ပေါင် ၈၈ သန်း နဲ့ ပြောင်းရွှေ့ လာတာ ဖြစ်ပြီး တပတ် ပေါင် ၄သိန်း နဲ့ ၅နှစ် စာချုပ် ချုပ်ဆို ခဲ့ကြောင်း သိရပါတယ် ။ ချယ်လ်ဆီး အသင်း ကတော့ ဟာဇတ် ရဲ့ အပြောင်းအရွှေ့ ကနေ ကနဦး ပေါင် ၈၈ သန်း သာ ရမှာ ဖြစ်ပေမယ့် လည်း ဟာဇတ် ရဲ့ ရီးရဲလ် မက်ဒရစ် မှာ စွမ်းဆောင်နိုင်တဲ့ အနေအထား တွေ အပေါ် မူတည်ပြီး စုစုပေါင်း ပေါင်သန်း ၁၅၀ အထိ ထပ်ရဖို့ လည်း ရှိနေပါတယ် ။

ဟာဇတ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကတည်း က ရီးရဲလ် မက်ဒရစ် အသင်း ရဲ့ စိတ်ဝင်စားမှု ကို ရရှိ ခဲ့ပြီး ရီးရဲလ် ဖက်ကလည်း ဟာဇတ် ကို ခေါ်ယူဖို့ အတွက် အကြိမ်ကြိမ် ကြိုးစား ခဲ့ပေမယ့် ချယ်လ်ဆီး အသင်း ဖက်က ပယ်ချမှု တွေ နဲ့ ဟာဇတ် ရဲ့ ဆုံးဖြတ်ချက် တို့ကြောင့် အပြောင်းအရွှေ့ ဖြစ်လာ ခဲ့ခြင်း မရှိခဲ့ပါဘူး ။

ဟာဇတ် ကတော့ ၎င်းရဲ့ ကတိ အတိုင်း ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကို ချယ်လ်ဆီး ကစားသမား ဘဝ နောက်ဆုံး နှစ် အဖြစ် ကစား ပေးခဲ့ကာ အသင်း အတွက်လည်း ချန်ပီယံလိဂ် ဝင်ခွင့် ရရှိ စေဖို့ ၊ ယူရိုပါလိဂ် ချန်ပီယံ ဖြစ်စေဖို့ အတွက် ဦးဆောင် ကစား ပေးသွား ခဲ့ပါတယ် ။ အခု အခါမှာတော့ ဟာဇတ် ဟာ ၎င်းရဲ့ ကစားသမား ဘဝ အိပ်မက် တခု ဖြစ်တဲ့ ရီးရဲလ် မက်ဒရစ် အသင်း အတွက် ကစားခွင့် ရရှိ လာပြီ ဖြစ်ပါတယ် ။

မနေ့က ပြုလုပ် ခဲ့တဲ့ ပထမဆုံး မိတ်ဆက်ပွဲ မှာတော့ ဟာဇတ် က သူဟာ ရီးရဲလ် မက်ဒရစ် အသင်း နဲ့ အတူ ဆုဖလား အောင်မြင်မှု များစွာ ရယူ သွားလိုကြောင်း ၊ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဖြစ်လာဖို့ အတွက် ကြိုးစား သွားမှာ ဖြစ်ကြောင်း ၊ အသင်း နဲ့ အတူ နောက်ထပ် သမိုင်းကြောင်း တခု ကို ရေးထိုး သွားဖို့ အတွက် ကြိုးစား မှာ ဖြစ်ကြောင်း ဆိုပါတယ် ။

ဟာဇတ် က ” ကျွန်တော် ဟာ ရီးရဲလ် မက်ဒရစ် ဂျာစီ နဲ့ အတူ ဆုဖလား များစွာ ကိုင်မြှောက် သွားချင်ပါတယ် ။ ဒါဟာ ကျွန်တော့ ရဲ့ ကလေး ဘဝ ကတည်းက အိပ်မက် ဖြစ်ပါတယ် ။ အခုတော့ ကျွန်တော့ ရဲ့ အိပ်မက် တွေ အကောင်အထည် ဖော်ဖို့ အတွက် မက်ဒရစ် ကို ရောက်ရှိ လာပြီ ဖြစ်ပါတယ် ။ ကျွန်တော် ဒီမှာ ပျော်ပျော်ရွှင်ရွှင် ပဲ ကစားသွားဖို့ ရှိပြီး အကောင်းဆုံး အခိုက်အတန့် တွေကို ခံစား သွားချင်ပါတယ် ။ ”

” မက်ဒရစ် မှာ ကျွန်တော် ဟာ ပျော်ရွှင်မှု တွေ သက်သက် ရှာဖွေ သွားချင်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ မက်ဒရစ် မှာ ကစားရင် ဆုဖလား အောင်မြင်မှု တွေ ရနိုင်သလောက် ရယူ သွားဖို့ လိုတဲ့ အတွက်ပါ ။ နောက်ပြီး ကျွန်တော် ဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဖြစ်လာဖို့ ကြိုးစား သွားမှာပါ ။ ပထမဆုံး အနေနဲ့ အဲ့လို ဖြစ်လာဖို့ အတွက် ကျွန်တော် ဟာ ကမ္ဘာ့ အကောင်းဆုံး အသင်း မှာ ရှိနေချင်ပါတယ် ။ ”

” ဒီ ကလပ် နဲ့ အတူ နောက်ထပ် သမိုင်း စာမျက်နှာ တခု ရေးထိုး သွားနိုင်ဖို့ မျှော်လင့် မိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ဟာဇတ် ဟာ မနေ့ က မိတ်ဆက်ပွဲမှာ တော့ ၎င်းရဲ့ ရီးရဲလ် မက်ဒရစ် ဂျာစီမှာ ကျောနံပါတ် မရေးထိုးပဲ မိတ်ဆက် သွားခဲ့ပါတယ် ။

Credit : Sports Myanmar

သတင်းသစ်များ