၀တ္တု      

မေတ္တာ စိမ့်စမ်းရေ(၂) - လယ်တွင်းသားစောချစ်

အပိုင်း- ၂(အဆုံး)

ပိုက်ဆံကို အမြန်ကောက်ယူလိုက်သည်။ အထွက်မှာ ကြိုးတန်းပေါ်မှ တဘက်ကို လှမ်းဆွဲလိုက်၏။ အိမ်တံခါးကိုပင် မပိတ်မိ။ ကိစ္စမရှိ။ ကလေးက ရင်ခွင်ထဲမှာပါလာပြီ။ ကလေးကလွဲလျှင် ဘာဆုံးရှုံးမှာကိုမှ စိုးရိမ်စရာမရှိ။

“ငါ့သားလေး ..... ငါ့သားလေး .... ဘယ်သူ့ မှ မပေးဘူး။ ငါနဲ့ထိုက်လို့ ငါရတာ.....”
လမ်းထိပ်ဆီမှာ ဆိုက်ကားတစ်စင်း လာသည်ကိုမြင်၍ စိုးရိမ်စွာ လှမ်းကြည့်လိုက်သည်။ သူတို့နှစ်ယောက် ပြန်လာမှာပင် စိုးရိမ်မိသည်။ သူ့အမေ ပြန်လာလျှင် ကိုယ့်ကလေးသည် သူ့ကလေးပြန်ဖြစ်သွားလိမ့်မည်။
ကလေးကို နေမထိုးအောင် တဘက်နှင့်ခြုံပြီး လမ်းထိပ်မှ ကုန်စုံဆိုင်သို့ သွား၍ နို့မှုန့်တစ်ဘူး ဝယ်သည်။
အိမ်ပြန်ရောက်သည်အထိ ကလေးက ငိုခြင်းမရှိ။
“ငါ့သားလေး မောသွားရှာပြီ ..... ငိုတောင်မငိုနိုင်တော့ဘူး..... ဆာလည်း သိပ်ဆာနေမှာပဲ.....”
သနားစိတ်ကြီးစွာ ဖြစ်နေမိပါသည်။

ကလေးကို ပုခက်ထဲထည့်ပြီး ရေနွေးနှင့် နို့မှုန့်ဖျော်သည်။ ဖျော်ပြီးမှ ပူနေ၍ အအေးခံရသည်။ အေးပြီဆိုမှ တိုက်စရာနို့ဘူး မရှိ။ ဇွန်းကလေးနှင့် တိုက်ရသည်။ ကလေးခဗျာ ဆာလွန်း၍ သောက်ရှာ၏။
“ေဩာ် ..... သားလေးရယ်....”
ဒေါ်ခင်ညိုရင်ထဲမှာ မိခင်စိတ်ဖြင့် သနားကြင်နာလျက် နို့ဝသည်နှင့် ကလေးအိပ်ပျော်သွားသည်။ ဒေါ်ခင်ညို နို့ဘူးနှင့် နို့သီးခေါင်း ဝယ်ချင်သည်။ ကလေးကို အိမ်မှာထားခဲ့ရန် စိတ်မချ။ သူ့အမေ လာခေါ်သွားမှဖြင့် 
“အမယ်လေး.. ... မဖြစ်ဘူး.. ...”
ကလေးပျောက်လျှင် ဆောက်တည်ရာမရ ရူးရလိမ့်မည်။ ကလေးကိုပွေ့ချီပြီး တဘက်နှင့်အုပ်၍ ဈေးသို့သွားသည်။ ကလေးက ခေါ်ခင်ညိုရင်မှာ နှစ်ချိုက်စွာ အိပ်ပျော်လျက်......

* * * 

အရှေ့ကောင်းကင်မှာ နေမင်း၏ ရှေ့ပြေးအလင်းရောင်များ ထွက်ပေါ်စပြုနေပြီ။
လှပသော နံနက်ခင်းမှာ လေပြေညင်းလေးတိုက်နေသည်။
လမ်းဘေးမှ စွယ်တော်ပင်လေးတွင် အဖြူရောင်ပန်းလေးတစ်ပွင့် လန်းလန်းစွင့်စွင့်။
ဒေါ်ခင်ညို၏ ခြေလှမ်းများ ပိုသွက်လာသည်။
“မေမေပြန်လာပြီ ..... မေမေ.....”
ငါးနှစ်အရွယ် ဖြူဖြူသန့်သန့် ကလေးငယ် ပြေးကာ ကြို၏။
“ဖြည်းဖြည်းလာပါသားရယ် ..... မောပါ့မယ် .....”

ဒေါ်ခင်ညို ခေါင်းပေါ်မှ တောင်းကိုချပြီး သားကိုကြို၍ ပါးနှစ်ဖက်မှာ မွှေးလိုက်သည်။
သားအမိနှစ်ဦး၏ ကြည်လင်စွာ စီးဆင်းနေသော မေတ္တာစိမ့်စမ်းရေ။
ဒေါ်ခင်ညို ရန်ကုန်မှာခြေရာဖျောက်၍ ကျောက်ကြီးသို့ ရောက်နေသည်မှာ ငါးနှစ်ကြာသွားပြီ။
ဒေါ်ခင်ညို အပျိုဘဝက ကံဘဲ့ဆရာအတတ်သင်မှာ သန့်ရှင်းရေးဝန်ထမိး လုပ်စဉ် ကထိက ဆရာမ ဒေါ်ဝင်းကြည်နှင့် ခင်မင်ရင်းနှီးခဲ့သည်။ ဒေါ်ဝင်းကြည်၏ အဝတ်များကို လျှော်ဖွတ်ပေးရင်း ဒေါ်ဝင်းကြည် ကိစ္စမှန်သမျှ ကူညီဆောင်ရွက်ပေးခဲ့သည်။
ဒေါ်ဝင်းကြည် တောင်ငူသို့ အလယ်တန်းကျောင်းအုပ်နှင့် ပြောင်းသောအခါ ဒေါ်ခင်ညိုကို ခေါ်သည်။ မလိုက်နိုင်ခဲ့။ နောက်တော့ ကိုဘမင်းနှင့် အိမ်ထောင်ကျပြီး ရန်ကင်းကျောင်းကို ပြောင်းခဲ့ခြင်းဖြစ်သည်။
အေးသီ အိမ်ရောက်မလာမီမှာပင် ဒေါ်ဝင်းကြည် ကျောက်ကြီးသို့ အထက်တန်းကျောင်းအုပ်နှင့် ပြောင်းရကြောင်း ကံဘဲ့ကျောင်းမှ သိခဲ့ရသည်။

သားကိုရသောအခါ အားလုံးနှင့် အဆက်ဖြတ်ပြီး ခြေရာဖျောက်ချင်သည်။ သားကိုခေါ်၍ မရောက်ဘူးသော ကျောက်ကြီးသို့ စွန့်စွန့်စားစား လာခဲ့ကြသည်။
ဆရာမဒေါ်ဝင်းကြည်နှင့် တွေ့သောအခါ အိမ်ထောင်ကျ ကလေးရပြီး ယောကျာ်းဆုံးသွားပြီ ဖြစ်ကြောင်း မုသားမပါ လကာၤမချော ပြောလိုက်ရသည်။
ဆရာမကြီးက ကျောင်းသန့်ရှင်းရေး တာဝန်ပေးသည်။ ကျောင်းဝင်းအတွင်းမှာပင် ဆရာကြီးအိမ်နှင့် ကပ်လျက် နေရာပေးထားသည်။ ဒေါ်ခင်ညို ကျောင်းသန့်ရှင်းရေး သာမက ဆရာမကြီးအိမ်သန့်ရှင်းရေး၊ အဝတ်များ၊ လျှော်ဖွတ်ရင်း မှအစ ချက်ပြုတ်ရေးပါ ကူညီရသည်။
ဒေါ်ခင်ညို ရောက်လာသည်မှာ တစ်ကိုယ်တည်း အပျိုကြီးဖြစ်သော ဆရာမကြီးအတွက်လည်း များစွာ အဆင်ပြေသွားသည်။
ဒေါ်ခင်ညို ပဲပြုတ်နည်းကို အေးသီနှင့်အတူ ကူညီ လုပ်ကိုင်ရင်း တတ်ထားခဲ့သည်။ သားလေးကို ထားခဲ့၍ ရသည့် အရွယ်မှစပြီး မနက်စောစော ပဲပြုတ်ရောင်းသည်။
သားလေး ကျောင်းစရိတ်အတွက် ကြိုတင်ပြီး ငွေစုရသည်။ ယခု သားလေး ကျောင်းစတက်နေပြီ။ သားအတွက် ဆိုသော ဇော်က အမောအားလုံး ပျောက်စေ၏။
ဈေးရောင်းရာမှ ပြန်လာ၍ သားကိုမြင်လျှင် ရင်မှာ အေးရသည်။ သား၏ အပြုံးသည် အကောင်းဆုံးသော အားဆေးများ။
ဤနေရာတွင် သားအမိနှစ်ယောက် နေရသည်မှာ လုံခြုံသည်။ အားလုံးက သားအမိဟု သိထားကြသည်။ ကိုယ့်ဘာသာလည်း ကိုယ့်သားအရင်းဟု ယုံနေပြီ။
အေးချမ်းသော နေရာလေးမှာ ဒေါ်ခင်ညိုတို့ သားအမိ၏ ဘဝလေး ငြိမ်းချမ်းသာယာ လှပလျက်။

Credit : လယ်တွင်းသားစောချစ်

သတင်းသစ်များ