၀တ္တု      

မေတ္တာ စိမ့်စမ်းရေ(၁) - လယ်တွင်းသားစောချစ်

မိုးကြီးသည်းစွာရွာနေသည်။ အချိန်က ည (၁၀)နာရီခန့်။ မိုးဦးလေဦးဖြစ်၍ မိုးကြိုးပစ်သံများက ကြောက်စရာ။ လျှပ်စီးများက လည်း တဝင်းဝင်း လက်နေ၏။ လွန်ခဲ့သည့် ဆယ်ရက်ခန့်မှ စ၍ ပြင်းထန်စွာ ပူထားခဲ့သမျှ မိုးက အတိုးချ၍ ရွာနေသည်။
သဘာဝတရားကြီးမှာလည်း အပူနှင့်အလေး ၊ အလေးနှင့် အပေါ့ အားပြိုင်နေ၏။ ပြေးလွှားလွင့်တက် ရေယှက် ပေါင်းစပ်နေကြသော မိုးတိမ်တိုက်များအတွင်းမှ ဆန့်ကျင်ဘက် ဓာတ်များ အားပြိုင်၍ ပေါက်ကွဲသံများ ထွက်ပေါ်လာ၏ ။ လျှပ်စီးတန်းများ ပြိုးပြက်သွား၏ ။
မိုးကြီးခြင်းနှင့်အတူ လေကလည်း ပြင်းလာသည်။ သစ်ပင်များ ယိမ်းထိုးနေကြပြီ။ ဓာတ်ကြိုးများ ခါယမ်း၍ လမ်းမီး အချို့ မှိတ်ချည် လင်းချည် ဖြစ်နေသည်။
မြို့တော် ရန်ကုန်ဖြစ်သော်လည်း လေနှင့်မိုးကြောင့် ရန်ကင်းဘက်မှ ကားလမ်းမှပေါ်မှ ကားရောလူပါ အသွားအလာမရှိသလောက် နည်းသွား၏ ။
မိုးက သဲကြီးမဲကြီး ရွာနေဆဲ ။ လေက ပိုပြင်းလာသည်။
ဖျစ် ဖျစ် ဖျစ် ဖြောင်း ဒိုင်း
သစ်ကိုင်းကျိုးသံများ ထွက်ပေါ်လာ၏ ။ လျှပ်စစ်မီးကြိုးများ ပြတ်ကုန်သည်။
“အို…..မီးပျက်သွားပြီ……”
ဘုရားစင်မှ မီးသီးလေး ငြိမ်းသွား၍ အိမ်ထဲမှာ မှောင်ထဲသွား၏ ။
“ကြောက်စရာ……..”
ဒေါ်ခင်ညို ကြောက်စိတ်ဖြစ်လာသည်။ မိုးကလည်း သည်းနေဆဲ။ လေတိုးသံ တဝေါဝေါ ကြားနေရသည်။ တစ်ချက်တစ်ချက်မှာ အိမ်ကလေးပါ ခါသွား၏။
“ပြိုများကျရင် ဒုက္ခ…….”
စိုးရိမ်စိတ် ဖြစ်ရသည်။ လျှပ်စီးလက်တိုင်း အိမ်ထရံပေါက် များမှတဆင့် အိမ်တွင်းအထိ လင်းကနည်း လက်ကနည်း။ လျှပ်စီးလက်ပြီးတိုင်းလည်း မိုးထစ်ချုန်းသံများ နောက်ဆက်တွဲ ပေါ်ထွက်လာသည်။
ဘေးမှာ အိပ်နေသော ကိုဘမင်းကတော့ မိုးရွာသည်လည်း မသိ ၊ မိုးခြိမ်းသံလည်း မကြား၊ နှစ်ခြိုက်စွာ အိပ်ပျော်၍ ဟောက်သံ ပင် ထွက်နေသည်။
“ဟင်း……အိပ်နိုင်လိုက်သော….”
ဒေါ်ခင်ညို မကျေနပ် ။ နှိးမည်ပြုပြီးမှ ……..
“အေးလေ …… သူလဲ တစ်နေ့လုံး ဆိုက်ကားနင်းရတာ ပင်ပန်းလို့ ဖြစ်မှာပေါ့……”
မနိုးရက်တော့ပါ။ ယခင်ရက်များမှ ဤအချိန် အိပ်၍ မရ။ ပူအိုက်သော ဒဏ်ကို လူးလှိမ့်ခံရသည်။ ယနေ့ညမှ မိုး၏ အအေး ဓာတ်ကြောင့် ကိုဘမင်း အိပ်၍ ကောင်းနေခြင်းဖြစ်သည်။
မိုးအား လေအား ကောင်းနေဆဲ။ မိုးကြိုးပစ်သံများ ထွက်ပေါ်နေဆဲ။
“အိမ်ရှင်တို့…….အိမ်ရှင်တို့……”
ဗုန်း….. ဗုန်း….. ဗုန်း…..
မိုးသံ လေသံများ အကြားမှာ အပြင်ဘက်မှ ခေါ်သံနှင့်အတူ တံခါးကို ပုတ်သံကြားရသည်ထင်၍ ဒေါ်ခင်ညို နားစွင့်လိုက်၏ ။
“အိမ်ရှင်တို့…….အိမ်ရှင်တို့…… ကျွန်မ ဒုက္ခရောက်နေလို့ပါ ကူညီကြပါ…….”
သေချာသွားပြီ ။ အပြင်မှ အကူအညီ တောင်းနေခြင်းဖြစ်၏ ။
“ဒီလောက် မိုးကြီး လေကြီးထဲမှာ ဘယ်သူပါလိမ့်…..ဒုက္ခပါပဲ…”
ဒေါ်ခင်ညို ဘာလုပ်ရမှန်းမသိ။
“ကျွန်မ လူကောင်းပါ …… ဒုက္ခ ရောက်လာလို့ပါ……သနား ကြပါ……”
မိန်းမတစ်ယောက်၏ အသံကို မိုးသံလေသံ နှင့်တူ ကြားနေရသည်။
“ကိုဘမင်း…..ကိုဘမင်း…..”
ဘေးမှ အိပ်မောကျနေသော ယောကျာ်းကို လှုပ်နိုးရသည်။
“ဟင်း……..ဘာလို့ နှိုးတာလဲကွ……..”
ကိုဘမင်း မကျေနပ်။ မျက်စိကိုလည်း မဖွင့်။
“ကိုဘမင်း ထပါအုံး….မိုးတွေ တအား ရွာနေတယ်…….”
“မိုးရွာတာ ဘာဖြစ်လဲကွ ၊ အိပ်လို့ ကောင်းတာပေါ့ …….”
ကိုဘမင်း ပြန်အိပ်သည်။
“မဟုတ်ဘူးတော့ …….. မိုးရွာကြီးထဲမှာ မိန်းမတစ်ယောက် ဒုက္ခရောက်လို့တဲ့ ….. အကူအညီ တောင်းနေတယ် ……..”
“အိမ်ရှင်တို့…….အိမ်ရှင်တို့…… ကျွန်မ လူကောင်းပါ…… ဒုက္ခရောက်နေလို့ပါ …… ကူညီကြပါ…….”
အိမ်ထဲမှ အသံကြား၍ အပြင်မှ ခေါ်သူ အားတက်သွားဟန် တူ၏။ အတွင်းမှ ကြားအောင် လှမ်းအော်ပြောနေသည်။
“ကြားလား……. ဒုက္ခ ရောက်နေလို့တဲ့ …….”
ဒေါ်ခင်ညိုက ကိုဘမင်းကို ထပ်ပြောလိုက်သည်။
“ရှုပ်ရှုပ်ရှက်ရှက်ကွာ …….. ဘယ်လိုဟာတွေမှန်းမသိ ၊ ကိုယ်ဘာသာ အိပ်စမ်းပါ ……..”
ကိုဘမင်း စိတ်ဝင်စားခြင်း မရှိ။
“မိန်းမသား တစ်ယောက်ထဲ ……. လေကြီး မိုးကြီးထဲမှာတော်”
“မိန်းမ တစ်ယောက်ထဲ မဟုတ်ရင် …… မင်းဘယ်လို လုပ်မလဲ”
“မီးခြစ်ရော ……… ”
ဒေါ်ခင်ညိုက ခေါင်းရင်းမှာ မီးခြစ် လိုက်စမ်းနေသည်။
“မီးမထွန်းနဲ့ကွ ….. မင်း တော်တော်ရှုပ်တဲ့ မိန်းမပဲ…..”
ဒေါ်ခင်ညို မီးမခြစ်ရဲ ။ ကိုဘမင်း တားမြစ်၍ လက်ထဲမှာ မီးခြစ်ရပြီးမှ မီးခြစ်ကို ဆုပ်ကိုင်လျှက် ကုတင်ပေါ်မှ ဆင်းသည်။
မိန်းမတစ်ယောက်တည်း ဒုက္ခရောက်နေတာ ဟုတ်မဟုတ် သိချင်သည်။ ကိုယ့်အိမ်ထဲမှာကိုယ်မို့ မတိုက်မိအောင် စမ်းသွားနိုင်သည်။ အိမ်ရှေ့မျက်နှာစာတွင် ကာရံထားသည့် ဝါးထရံမှာ အပေါ်ပိုင်း တွင်း အကွက်ကျဲဖြစ်၍ လျှပ်စီးလက်လျှင် အပြင်ကို အသေအချာ မြင်နိုင်သည်။ 
“အိမ်ရှင်တို့ ….. ကျွန်မကို ကူညီကြပါ……”
အပြင်မှ အသံကို ကြားရပြန်သည်။
ဒေါ်ခင်ညို ရှေ့ဘက်မှ ထရံနားထိကပ်သွားသည်။ ဝါးကွက်ကျဲမှ အပြင်သို့ လှမ်းကြည့်သည်။ ဘာမှ မမြင်ရ။ မိုးက သဲနေဆဲ။ လေကပြင်းနေဆဲ။ လျှပ်စီးလက်သည်ကို စောင့်သည်။ လက်ပြီ။ 
“အို ……. ဟုတ်ပါရဲ့ ၊ မိုးရွာထဲမှာ တစ်ယောက်တည်း ….. ”
သို့သော် မြင်ရသည်က ပုံမှန်မဟုတ်။ ဝလွန်းနေသည်ဟု ထင်သည်။
“ကိုယ်ဝန်ကြီးနဲ့လား…”
နောက်တစ်ကြိမ် လျှပ်စီး အလက်မှာ အသေအချာ မြင်လိုက်ရသည် ။ ဟုတ်သည်။ ကိုယ်ဝန်ကြီးနှင့် ။ ဒေါ်ခင်ညို အိမ်ထဲ ပြန်လျှောက်စဉ် မိုးကြိုးပစ်သံ ထွက်ပေါ်လာ၏။
“သူ့ခဗျာ တစ်ယောက်ထဲ ….. အပြင်မှာ ဘယ်လောက် ကြောက်ရှာမလဲ……”
သနားစိတ် ဖြစ်မိသည်။
“ကိုဘမင်း ….. ကိုဘမင်း …..”
“ဘာလဲကွ ……. ”
ကိုဘမင်း ထူးပုံက စိတ်မရှည်သံ။
“မိန်းမတစ်ယောက်ထဲတော့ …… သနားပါတယ် …….. ကိုယ်ဝန်ကြီးနဲ့………”
“ဟာကွာ …. မိုးထဲ လေထဲ ဆိုက္ကားဌားပြီး ဆေးရုံ အပို့ခိုင်းမလို့ နေမှာကွ ……. ငါမလိုက်နိုင်ဘူး … တံခါးသွားမဖွင့်နဲ့ …….”
“သြော် …… တော်ကလဲ … လိုက်မပို့နိုင်ရင် မပို့နဲ့ပေါ့ …… မိုးရွာထဲမှာ ဒီအတိုင်းထားလို့တော့ ဘယ်ကောင်းပါ့မလဲတော့ ……. ”
“မင်း တော်တော် ပြဿနာ ရှာချင်တဲ့ မိန်းမပဲကွာ…….. ”
“ကျွန်မ က မိန်းမချင်း ရှင့် ……. ကိုယ်ချင်းစာတယ်…………”
“ဒါဆိုလဲ ….. မင်း ဘာသာလုပ် ၊ ငါမပါဘူး ….. အိပ်ရေးပျက်တယ်……”
ကိုဘမင်း တစ်ဖက် လှည့်အိပ်သည်။
ဒေါ်ခင်ညို မီးခြစ်သည်။ ဖယောင်းတိုင် ထွန်းသည် ။ အိမ်ထဲ မှာ လင်းသွား၏ ။ 
“ကျွန်မ ဒုက္ခဖြစ်လာလို့ပါ …… လူကောင်းပါ…… ကူညီကြပါ…….”
ဒေါ်ခင်ညို တံခါးဖွင့်ပေးလိုက်သည်။ ကိုယ်ဝန် အရင့်အမာနှင့် အမျိုးသမီးတစ်ယောက် ရေများ ရွှဲရွှဲစိုလျက် အိမ်ထဲသို့ ဝင်လာ၏။ လက်ထဲမှာ အိတ်ကြီးတစ်လုံး ဆွဲထားသည်။
ဒေါ်ခင်ညို တံခါးပြန်ပိတ်လိုက်၏ ။ အမျိုးသမီး ရပ်နေသော နေရာမှာ ရေများ စိုကုန်၏။
“ဘယ်လိုဖြစ်တာလဲ ….. ဘယ်သွားမလို့လဲ……”
“ကျွန်မ သင်္ဃန်းကျွန်းကပါ … ကျွန်မ ယောင်္ကျားနဲ့ သူ့အမတွေ ၊ နှမတွေ ဝိုင်းရိုက်ပြီး အိမ်က နှင်ချလိုက်လို့ပါ ……”
“ဟင် …… ဘာဖြစ်လို့လဲ …… အဲဒီလိုလုပ်တာလဲ …….”
“လင်မယားချင်း ရန်ဖြစ်တာ ….. သူ့အမတွေ ၊ နှမတွေ ဝိုင်းပါကြတာ …. သူတို့က အစကတည်းက သဘောမတူဘူး …… နှိပ်စက်နေကြတာ …. ကျွန်မလဲ မခံနိုင်တော့လို့ ဆင်းလာခဲ့တာ …….”
အမျိုးသမီးက ပြောရင်း ငိုနေပါသည်။ အသက်က ခပ်ငယ်ငယ်သာ ရှိသေးသည်။ အသားလတ်လတ်၊ ရုပ်က ရွက်ကြမ်းရေကျို။
“နေ့စေ့လစေ့ ကိုယ်ဝန်ကြီးနဲ့ မိန်းကလေးရယ် ၊ ဒုက္ခ …..”
“ဟုတ်ပါတယ် အစ်မရယ် ……. ဟိုဘက်နားက ကံဘဲ့ဘူတာရုံလမ်းမှာ ကျွန်မ အဒေါ်တစ်ယောက် ငါးခြောက်ရောင်းတာ ရှိပါတယ်။ သူ့ဆီလာတာပါ။ ကျွန်မ မိဘတွေက ဟိုင်းကြီးကျွန်းမှာ။ ကျွန်မယောကျ်ားက ဝန်ထမ်း ၊ ဟိုင်းကြီးကျွန်းမှာ တာဝန်ထမ်းရင်း အိမ်ထောင်ကျပြီး လိုက်လာခဲ့တာ …….”
“အခု အဒေါ်အိမ် သွားမှာလား…..”
“အဒေါ်အိမ် ရောက်ခဲ့ပါပြီ ၊ အဒေါ် မရှိတော့ဘူး ……. ပုသိမ် ပြောင်းသွားပြီတဲ့ ၊ ဒါနဲ့ ဘယ်သွားရမှန်းမသိ ဖြစ်နေတုန်း လေတွေ မိုးတွေနဲ့ ဒုက္ခဖြစ်ရတာပါ။ ကျွန်မကို ဒီမှာ တစ်ညလောက် အိပ်ခွင့် ပေးပါ အစ်မရယ် …… ဘယ်နားအိပ်ရ အိပ်ရ မိုးလုံတဲ့ နေရာလေး အိပ်ရရင် တော်ပါပြီ …. မနက်ကျ ကျွန်မသွားမှာပါ …..”
မိန်းကလေး ပြောနေပုံက သနားစရာ။
“ကဲ …. ကဲ အဝတ်အစား လဲလိုက်အုံး … အအေးမိလို့ ဖျားနေအုံးမယ်…..”
မိန်းကလေးက သူ့အိတ်ကြီးကို ဖွင့်လိုက်သည်။ အိတ်က မလုံ ဇစ်ပြဲနေသည်။ မိုးရေများဝင်၍ အဝတ်များ အားလုံး စိုကုန်ပြီ။
“နေဦး…. နေဦး…. ငါ့အင်္ကျိနဲ့ လုံချည်ပေးမယ်……”
ကိုဘမင်း ပြန်အိပ်ပျော်သွားပြီ။ ဒေါ်ခင်ညိုက ကိုယ်ဝန်ဆောင် မိန်းကလေးကို သူ့ လုံချည်နှင့် အင်္ကျိထုတ်ပေးသည်။ ရေသုတ်ဖို့ သဘက်လည်း ပေးသည်။
အဝတ်အစား လဲပြီးသည်နှင့် ဘာမျှမစားရသေးထင်၍ ဒေါ်ခင်ညိုက ကျန်သော ထမင်း၊ ဟင်းများကို ကျွေးသည်။
အိမ်အလယ်ခန်းမှာ ဆိုက်ကားလည်း ရှိသည်။ ကိုဘမင်း မနက်စောစောထ၍ ဆိုက်ကားနင်းထွက်၍ ရှပ်နေမည်စိုးသော ကြောင့် မီးဖိုဘေးမှ အခန်းလေးထဲမှ အိပ်လို့ရအောင် နေရာလုပ်ပေးသည်။
“ကျေးဇူးပါပဲ အမရယ် ….. သူတော်ကောင်းနဲ့ တွေ့ရတယ်”
ကိုယ်ဝန်ဆောင် အမျိုးသမီးက ဒေါ်ခင်ညိုကို ရိုရိုသေသေ ကန်တော့သည်။
“ကဲ….. ကဲ….. အိပ်တော့…..”
ဒေါ်ခင်ညိုက ခြုံစရာစောင်ပါ ပေးထား၍ ဒုက္ခသည် မိန်းကလေးမှာ မိုးအေးသော်လည်း နွေးနွေးထွေးထွေး အိပ်ပျော်သွားသည်။
ဒေါ်ခင်ညို အိပ်ရာမှ နိုးသောအခါ ကိုဘမင်း ဆိုက်ကားနင်းရန် ထွက်သွားပြီ။ မနက်စောစော ကံဘဲ့ဘူတာ ရုံသွား၍ မြို့ပတ်ရထားနှင့် ပါလာသော ပန်းသည်များကို ရန်ကင်းဈေးသို့ ပို့ပေးရခြင်းဖြစ်၏ ။
ဒေါ်ခင်ညို မုန့်ဟင်းခါးဝယ်၍ မိန်းကလေးကို ကျွေးသည် ။ သူကိုယ်တိုင်လည်း စားသည်။
“ကလေးမ နာမည်က ဘယ်လိုခေါ်လဲ ……”
“အေးသီ….. ပါ….”
“နေ့စေ့လစေ့ကြီးနဲ့ ဟိုင်းကြီးကျွန်းပြန်လို့ ဖြစ်ပါ့မလား …..”
အေးသီပါးပေါ်မှ မျက်ရည်များ စီးကျနေသည်။ ငိုရှိုက်သံ တစ်ချက် ထွက်လာ၏ ။
“ဒီအချိန်ဆို ပင်လယ်က ဖြတ်လို့ မကောင်းတော့ဘူး …. ပုသိမ်သွားပြီး အဒေါ့်ကို ရှာရမှာ ….. ”
“သူနေတဲ့ လိပ်စာ သိလား ….. ”
အေးသီ ခေါင်းရမ်းပြသည်။
“ဒါဆိုရင် ယောကျာ်းအိမ်ပဲ ပြန်သွားပေါ့ ….. ”
အေးသီ ခေါင်းရမ်းပြီး ရှိက်ကြီးတငင်ငိုပါသည်။ အေးသီ ကိုကြည့်၍ ဒေါ်ခင်ညို သနားနေမိသည်။
“သိပ်ပြီး အခက်အခဲ ဖြစ်နေရင်တော့ မီးဖွားပြီးတဲ့အထိ ဒီအိမ်မှာ နေချင်လည်း နေပေါ့ ….. ”
“အစ်မကြီး ကျေးဇူးကို တစ်သက် ဘယ်တော့မှ မမေ့ပါဘူးရှင် …. ”
အေးသီက ဒေါ်ခင်ညိုကို ကန်တော့နေပြန်သည်။
“တစ်ခုတော့ ရှိတယ်အေ့ ….. ငါ့ယောကျာ်းကိုတော့ ပြောရအုံးမယ် ….. ”
ကိုဘမင်းကို ပြောလျှင် ဒေါသတကြီးဖြစ်နေမည်ကို မြင်ယောင်၍ ဒေါ်ခင်ညို သက်ပြင်းတစ်ချက် ချလိုက်သည်။
………………………………..
“မဖြစ်ဘူးကွာ …… လုံးဝမထားဘူး ….. မင်းက ပြဿနာ အတော်ရှာချင်တဲ့ မိန်းမ …..”
ထင်သည့်အတိုင်းပင် ကိုဘမင်းက ပြင်းပြင်းထန်ထန်ငြင်းသည်။
“နေ့စေ့လစေ့ကြီးနဲ့ ဒုက္ခဖြစ်နေတာတော့် သနားစရာ …. ကူညီပါရစေ …. မွေးပြီးရင် သွားမှာပေါ့ …..”
ဒေါ်ခင်ညိုက ထပ်ပြောနေသည်။
“ဘယ်ကမှန်းမသိ ။ ဘာမှန်းလဲမသိ ၊ မဖြစ်ပါဘူးကွာ …..”
ကိုဘမင်း ခွင့်မပြုချင်။
“ဘယ်က ဖြစ်ဖြစ် ၊ ဘယ်သူဖြစ်ဖြစ်တော် ကိုယ့်ရှေ့မှာ ဒုက္ခဖြစ်နေတာ မြင်ရက်သားနဲ့ ကြည့်မနေချင်ပါဘူး …. မိန်းမ အချင်းချင်းကူညီမှ ကောင်းမှာပေါ့…….”
ဒေါ်ခင်ညိုကလည်း အတင်းအကျပ် တောင်းဆိုသည်။ နောက်ဆုံးတွင် ကိုဘမင်း ခွင့်ပြုခြင်း မဟုတ်သော်လည်း ပြင်းပြင်းထန်ထန် မငြင်းတော့ပါ။ အေးသီကို ဒေါ်ခင်ညိုအိမ်မှာ လက်ခံထားလိုက်သည်။
အေးသီက အလိုက်သိပါသည်။ မပေါ့ပါးသော်လည်း လုပ်နိုင်သည့် ကိစ္စမှန်သမျှ လုပ်ပေးသည်။ ညပိုင်းမှာ ကိုဘမင်း ပြန်လာလျှင် ဆိုက္ကားကို ပြောင်လက်နေအောင် သုပ်ပေးသည်။ ကိုဘမင်း ဘာမျှ မပြောတော့ပါ။
တစ်ပတ်သာကြာသည်။ သားလေးမွေးပါသည်။ အိမ်ထောင်သက် (၁၀) နှစ်ကျော်ပြီ ဖြစ်သော်လည်း ကလေးတစ်ယောက်မျှ မရသေး၍ သားသမီးအလွန် လိုချင်နေသော ဒေါ်ခင်ညိုဝမ်းသာ အားရ ဖြစ်နေသည်။ ကလေးကို ပွေ့လိုက်ရ ချီလိုက်ရသည်မှာလည်း မမောနိုင်၊ မပမ်းနိုင်၊ ရေချိုးလျှင်လည်း သူကိုယ်တိုင်။
ကိုဘမင်းကတော့ အဖြစ်သည်းလွန်းသော သူ့မိန်းမကို သဘောမကျ၍ ကလေးကို ကောင်းကောင်းပင် မကြည့် ။ မီးဖွားပြီး (၁၀) ရက်ခန့် ကြာသောအခါ အေးသီက သူပဲပြုတ်တက်သည်၊ စားတော်ပဲပြုတ် ရောင်းချင်သည်ဟု ပြောသည်။
“အို ….. သွေးနုနု သားနုနုအေ …. ညည်းမို့ ကြံကြီးစည်ရာ”
ဒေါ်ခင်ညိုက ခွင့်မပြု။
တစ်လပြည့်သောအခါ အေးသီက ခွင့်တောင်းပြန်သည်။ ခွင့်မပြုလျှင် နေရသည်မှာ အားနာသည်။ သူသွားတော့မည်ဆို၍ အေးသီကို ဒေါ်ခင်ညို ပဲပြုတ်ရောင်းခွင့် ပြုလိုက်ရသည်။
ဒေါ်ခင်ညိုတို့ အိမ်မှာ ကိုယ်စီကိုယ်င ဝင်ငွေ ရနေကြသည်။ ကိုဘမင်းမှာ အထက်တန်းကျောင်းတွင် ညစောင့်ဖြစ်၍ ကျောင်းဝင်ပေါက်အနီးမှ ဤအိမ်ကလေးမှာ နေခွင့်ရခြင်းဖြစ်သည်။ နေ့ခင်းမှာ ဆိုက္ကားနင်းသော အလုပ်ကိုလည်း လုပ်နိုင်သည်။ ဒေါ်ခင်ညိုက ဤကျောင်းမှာပင် သန့်ရှင်းရေး အလုပ်သမားဖြစ်သည်။ အေးသီက ပဲပြုတ်ရောင်းသည်။
အေးသီ စောစောထရောင်း၍ စောစောပြန်ရောက်သည်။ အေးသီ ပြန်မရောက်မီ ကလေးငိုလျှင် ဒေါ်ခင်ညို ကလေးနှင့် နေရသည်။ အေးသီပြန်ရောက်မှ ဒေါ်ခင်ညို ကျောင်းသန့်ရှင်းရေး လုပ်ရသည်။ 
မိုးတွင်းကာလမှာ ဟိုင်းကြိးကျွန်းအထိ ပင်လယ်ခရီးသွားရန် မသင့်တော်၍ အေးသီမှာ မလွှဲမရှောင်သာ ဒေါ်ခင်ညိုအိမ်မှာ ဆက်နေရသည်။ မိုးကုန်သည်နှင့် မိဘများရှိရာ ဟိုင်းကြီးကျွန်းသို့ ပြန်မှာဖြစ်ကြောင်း ကိုဘမင်းကို ပြောထားရသည်။
မိုးကုန်သွားသောအခါ အေးသီက ပြန်ချင်သည် ပြောမည်လား ကိုဘမင်းက ပြန်လွှတ်ရန် ပြောမည်လား ဒေါ်ခင်ညို စိတ်ပူနေရပြီ။ အေးသီပြန်လျှင် ကလေးပါသွားတော့မည်။ ဒေါ်ခင်ညို ကလေးကို သံယောဇဉ်ဖြစ်နေပြီ။ ကလေးက သုံးလ သားဖြစ်၍ ရယ်တက် ပြုံးတက်နေပြီ။
ယနေ့ ဒေါ်ခင်ညို နေ့လယ် အိမ်ပြန် နောက်ကျသည်။ ဆရာမကြီးရုံးခန်းကို ရှင်းပေးနေရ၍ဖြစ်သည်။ ကိုဘမင်းက နေ့လယ်စာ ထမင်းကို အိမ်ပြန်စားသည်။ ယခင်ကတော့ အမှီပြန်၍ ကျွေးရသည်။ ယခုတော့ ကိစ္စမရှိ။ နောက်ကျလျှင် အေးသီက အဆင်ပြေအောင် ခူးခတ် ကျွေးတက်သည်။
ဒေါ်ခင်ညို အိမ်နားရောက်တော့ ကလေးငိုသံ ကြားရသည်။ ဒေါ်ခင်ညို ပြုံးလိုက်မိသည်။ ကလေးချီချင်စိတ်နှင့် လက်ပြင်လိုက်မိ၍ ဖြစ်သည်။
အိမ်ရှေ့ရောက်သည်အထိ ကလေးငိုသံက ကြားနေရဆဲ။
“အေးသီ ဘာများလုပ်နေလို့ပါလိမ့် …..”
ဤ မျှ အငိုခံသည်ကို ဒေါ်ခင်ညိုမကြိုက်။ ကလေးငိုသံက ရပ်မသွား။ 
“ဟင် ….. အိမ်တံခါးက ဘာလို့ ပိတ်ထားတာပါလိမ့် ….. ”
ဒေါ်ခင်ညို အံ့သြသွားသည်။
အိမ်ရှေ့မှာ ဆိုက္ကားမရှိ၍ ကိုဘမင်း မရှိဟု သိလိုက်သည်။ မရောက်သေးသည်လား၊ ပြန်သွားပြီလား မသိ။
“အေးသီ ဘာသွားဝယ်တာပါလိမ့် ….. ”
အိမ်တံခါးက စေ့ရုံသာ စေ့ထားခြင်းဖြစ်သည်။
“ဟင်း ….. ဒါမျိုးလုပ်ရင်တော့ ကုန်မယ်…..”
ဒေါ်ခင်ညို အိမ်တံခါးကို ဆွဲဖွင့်လိုက်သည်။ အိမ်ထဲမှာ အေးသီ မရှိ။ ကလေးက ငိုနေဆဲ။ ငိုရသည်မှာ ကြာ၍ အတော်ပင် မောနေပြီ။
ဒေါ်ခင်ညို ကလေးရှိရာသို့ အရင်သွားလိုက်သည်။
“သား ရေ …. လူလေး … သားကြီး … အမယ်လေး ငိုလိုက်တာတော် …… မော်တောင်နေပြီ ……”
ကလေးမှာ ရှုရှုပေါက်ထား၍ အနှီးများစိုရွှဲနေသည်။
“ရှုးရှုးတွေကလဲ ရွှဲလို့တော် …. ဟုတ်တာပေါ့ …. ငိုမှာပေါ့…..”
ဒေါ်ခင်ညို ကလေးကို ကောက်ချီလိုက်သည်။ ကလေးက ဒေါ်ခင်ညို၏ လက်ကို သိ၏ ။ အငိုတိတ်သွားသည်။ ဒေါ်ခင်ညိုက လေးချီရင်း အိမ်ရှေ့ထွက်ကြည့်သည်။ ခပ်လှမ်းလှမ်းမှ ကွမ်းယာဆိုင်မှာ တစ်ခုခုသွားဝယ်သည်လား လှမ်းကြည့်သည်။ မတွေ့ရ။ ကလေးကဆာနေသည်မို့ ပြန်ငိုသည်။
အိမ်ပြန်လာပြီး ကလေးကို ရေပေါက်ကေလေးများချ၍ တိုက်ပေးသည်။ အငမ်းမရ မျိုချနေသည်။
“သြ …. ကလေးက ရေငတ်နေတာကိုး ….. ”
ရေတော်တော်များများ သောက်ပြီးမှ ကလေးက ငြိမ်သွားသည်။ အနှီးလဲ ၊ ပုခတ်ထဲ ပြန်ထည့်ပြီး အိမ်ရှေ့ထွက်ကြည့်ပြန်သည်။ အေးသီကို မတွေ့ရ။
အိမ်တံခါး စေ့ထားခဲ့ပြီး ခပ်လှမ်းလှမ်းမှ ဆိုင်များရှိရာ သွားကြည့်သည်။
“အိမ်က ကောင်မလေး …. ဒီဘက်လာတာ တွေ့လား ….. ”
ကွမ်းယာဆိုင် ကောင်လေးကို မေးကြည့်သည်။
“အဒေါ်တို့ အိမ်က အမလား …… ”
“ဟုတ်တယ် …… ”
“အဒေါ့် ယောကျ်ားဆိုက်ကားနဲ့ လိုက်သွားတယ်လေ …… ”
“ဟင် …… ဘယ်သွားတာလဲ ……. ”
“ဒါတော့ မသိဘူးလေ ….. ”
ဒေါ်ခင်ညို အိမ်ကို အမြန်ပြန်လာခဲ့သည်။
“ဘာလုပ်တာလဲ …. ဘယ်သွားတာလဲ ……. ကိုဘမင်းက ဘာလို့ လိုက်ပို့ရတာလဲ …. ”
ဒေါ်ခင်ညို နားမလည်။
ကလေးက ငိုနေပြန်ပြီ။ သို့သော် ကလေးရှိရာ မသွားနိုင်သေး။ အေးသီအခန်းကို သွားကြည့်သည်။ သူ့ အဝတ်အစားတွေ ဘာမျှမရှိ။ မျက်နှာသုပ် တဘက်ဟောင်းပင် မရှိ။ အေးသီလာစဉ်က ပါလာသော ဇစ်ပြဲနေသည့် အိတ်အဝါကြီးကို သတိရ၍ ရှာကြည့်သည်။ မရှိ။
“ဘယ်သွားတာပါလိမ့် …. ကလေးကို ဒီမှာထားပြီး …. ဟင်”
အတွေးတစ်ခုက ဒိတ်ခနဲ ထိပ်ကိုဆောင့်၏ ။ ဒေါ်ခင်ညို ကိုယ့်အခန်း ကိုယ်ပြန်ကြည့်သည်။ ကိုဘမင်းနှင့် သော့တစ်ချောင်းစီ ယူထားသည်။ ရောက်လာကတည်းက လိုလိုမယ်မယ် သတိထား၍ လင်မယားနှစ်ယောက် တိုင်ပင်ထားခြင်းဖြစ်သည်။ ခုတော့ အခန်းတံခါးသော့ ပွင့်နေသည်။
ဒေါ်ခင်ညို ခပ်မြန်မြန် ဝင်သွားကြည့်သည်။
“ဟင် ….. ဟုတ်တာပေ့ါ …. သေချာပြီ ….”
ကိုဘမင်း အဝတ်အစားများ တစ်ခုမျှမရှိ။ အခန်းထောင့်မှာ ချိတ်ထားသော ခရီးဆောင်အိတ် အညိုကြီးလည်း မရှိ။ မှန်တင်ခုံ ပေါ်ထားနေကျ မုတ်ဆိတ်ရိတ်သည့် ဂျုတ်ပါမရှိ။
“ဟင် …. အယုတ်တမာတွေ …. ယုတ်မာလိုက်ကြတာ …. မထင်ရဘူး ….. ပိယိလိုက်ကြတာ … ကျေးဇူးကန်းမ … မီးလိုပူမယ့် ကောင်မ … ငါ့ယောကျာ်းကို ခိုးသွားပြီး ….. ငါ့ကိုတော့ ကလေးနဲ့ ထားပစ်ခဲ့တယ် …..”
ဒေါ်ခင်ညို တစ်ကိုယ်လုံး ဒေါသမီးလောင်၍ အသားများပါ ပူကျက်လာသည်။ အခန်းထဲမှ ထွက်လိုက်သောအခါ ကလေးငိုသံက တစ်အိမ်လုံး ဆူညံနေ၏ ။
“ငို ….. ငို….. သေအောင်ငို …. နင့်ကို မွေးတဲ့ အမေကတောင် မသနားတာ ငါက ဘာလို့ သနားရမှာလဲ …. အဆိပ်ပင်ရေလောင်း အယုတ်တမာရဲ့သွေး …. ”
ကလေးရှိရာ ပုခတ်ဆီသို့ လှည့်၍ပင် မကြည့်။
ရင်ထဲမှာ နာကျည်းလွန်းလှသည်။ ဒုက္ခရောက်နေသည်ကို သနား၍ ကယ်ခဲ့မိသည်။ ယောကျာ်းက သဘောမတူသည်ပင် အတင်း အဓမ္မပြောပြီး ရအောင်ထားခဲ့သည်။ ကလေးမွေးတော့လည်း ညီမသားချင်းနှင့် မခြား ဆေးရုံလိုက်ပြီး ပြုစုစောင့်ရှောက်ခဲ့သည်။ ကျေးဇူးကိုမထောက် ။ လုပ်ပုံက ပြတ်သားသည်။
“ဟင်း ….. ဟိုကောင်လဲ အတူတူပဲ …. အစကတော့ တင်းမာလိုက်တာ …. တစ်သားမွေးပြီး တစ်သွေးလှတော့ သွားရည် တများများ ဖြစ်မှာပေါ့ ….. အယုတ်တမာတွေ …. နင်တို့ကို မတွေ့တွေ့အောင် ရှာမယ် …. တွေ့လိုကတော့ နှစ်ယောက်စလုံး အသေသတ်မယ် ”
ဒေါ်ခင်ညို ဒေါသစိတ် ထိပ်တက်နေပြီ။ လုံချည်ကို တင်းတင်းပြင်ဝတ်လိုက်သည်။ ဆိုက္ကားနှင့် ထွက်သွားကြခြင်းဖြစ်သည်။ သူ့ ယောကျာ်းသွားမည့်နေရာ ကိုစဉ်းစားမိသည်။ ဝေဘာဂီမှာ သူ့ အစ်မကြီးရှိသည်။ သူ့အစ်မကြီးအိမ်မသွားလျှင် တောင်ဒဂုံမှာ သူ့ သူငယ်ချင်းတစ်ယောက် ရှိသည်။
“သိကြသေးတာပေါ့ ဘမင်းရာ …..”
သွားနိုင်သည့် နေရာ အားလုံးမှာ လိုက်ရှာရန် ဆုံးဖြတ်လိုက်သည်။ တွေ့သည်နှင့် ဝက်ဝက်ကွဲအောင် ပွဲကြမ်းပစ်လိုက်မည်။
ကလေးက သဲကြီးမဲကြီး ငို၍ တစ်အိမ်လုံး ဆူညံနေ၏ ။
“ငိုစမ်း …. မောလိုသေအောင်ငို …. အယုတ်တမာမရဲ့သား …. နင့်အမေကမှ နင့်ကို မသနားတာ … ငါက ဘာလို့ သနားရမှာလဲ …. ”
နာစိတ် ၊ မုန်းစိတ် ၊ ဒေါသစိတ်က အားလုံးကို ဖုံးလွှမ်းသွားသည်။ ချစ်စိတ်၊ သနားစိတ်များ ကွယ်ပျောက်ကုန်သည်။
“ဘမင်း …. နင့်ကိုငါ သတ်မယ် …. ဒီလောက် ပေါင်းလာခဲ့ကြတဲ့ ငါ့ကို နင် လုပ်ရက်တယ် …. အကြံပက်စက်တဲ့ကောင် ….. ”
နာစိတ် ၊ မုန်းစိတ်နှင့် တွေးရင်း မျက်ရည်များက အဆီးအတား မရှိ စီးကျလာ၏ ။
ယောကျာ်းကို ဆုံးရှုံးရပြီဆိုသော အသိက ဆောက်တည်ရာ မရအောင် ဝမ်းနည်း ကြေကွဲရသည်။
“မုန်းတယ် …. ငါနင့်ကို တွေ့အောင် ရှာပြီး အသေသတ်မယ်”
အချစ်ကြီးချစ်ခဲ့၍ အမုန်းကြီး မုန်းမိသည်။
“ဟင်း …. သူတို့ကတော့ လွတ်လွတ် ကျွတ်ကျွတ် ထွက်သွားလိုက်ကြတာ ….. ”
နှစ်ယောက်စလုံးနှင့် ဒေါ်ခင်ညို တွေ့ချင်စမ်းလှသည်။
ကလေးမှာ ငိုရလွန်း၍ မောနေဟန် တူပါ၏။ ငိုသံမှာ ကျယ်လောင်ခြင်းမရှိတော့ပါ။ သို့သော် ရှိသမျှအသံနှင့် ငိုနေဆဲ။
“ငို … ငို … နင့်အမေ ကြားအောင်ငို …. နင့်ပထွေး ကြားအောင် ငို … အမျိုးမစစ်တဲ့ဟာတွေ …. ငါ့အိမ်ထဲမှာ ဆူညံနေတာပဲ ….. ”
ဒေါ်ခင်ညို ကလေးငိုသံကို မကြားချင်။ ကလေးကိုလည်း မမြင်ချင်။
“ဒီကလေးကို ငါဘာလုပ်ရမလဲ ….. ”
ဒေါ်ခင်ညို စဉ်းစားသည်။
“ဟင် … အကြံရပြီ။ ရပ်ကွက်လူကြီး အပ်လိုက်ရုံပဲ ။ သူတို့ ဘာသာ ကြိုက်တာလုပ် …. ပို့ချင်ရာပို့ ….ငါကတော့ ဒီအယုတ်မာမရဲ့ ဒုက္ခကို မခံဘူး …. ”
အေးသီမျက်နှာကို မြင်ယောင်၍ ဒေါသပိုဖြစ်ရသည်။
“မိုက်ရိုင်းလိုက်တဲ့ ကောင်မ … ကူညီခဲ့တဲ့ ကျေးဇူးတောင် မထောက်ဘူး …. ငါ့ယောကျာ်းကို လုပြေးပြီ …. ကလေးကျတော့ ထားခဲ့သေးတယ် …. ”
တွေးလေ ဒေါသ ပိုဖြစ်လေ။
“ငါသနားမိတာ ငါ့အပြစ် … ဟုတ်တယ် … ဒီကောင်မကို သနားပြီး ကူညီမိတာ ငါ ဒုက္ခ ဖြစ်ရတာ … ”
တွေးမိတိုင်း ကြေကွဲ၍ မျက်ရည်များက မစဲနိုင်။
ကလေးငိုသံ ကျယ်လာပြန်သည်။ ကလေးရှိရာ ပုခက်ဆီသို့ မကျေမနပ် လှမ်းကြည့်လိုက်သည်။
“အေး …. ဟိုနှစ်ယောက်တိုင်ရင်း … နင့်ကိုလည်း … ရပ်ကွက်ရုံးပို့ရမယ်….”
ကလေးရှိရာသို့ ဒေါသတကြီး လျှောက်သွားသည်။ ငိုနေသော ကလေးကို ကောက်ယူရန် လှမ်းကိုင်လိုက်သည်။ ကလေးအငို တိတ်သွားသည်။ ကလေး၏ မျက်လုံး၊ ပါးပြင်တို့မှာ မျက်ရည်များနှင့်။
ကလေးက ဒေါ်ခင်ညိုထံ လိုက်လိုဟန်ဖြင့် ခြေလက်ကလေး များ လှုပ်ခါနေသည်။ ဒေါ်ခင်ညိုကောက် မယူသေးဘဲ ကလေးကို ကြည့်လိုက်သည်။ ကလေးက ဒေါ်ခင်ညိုကို ကြည့်ပြီး လက်ကလေးများ လှုပ်ယမ်းခါယမ်း လုပ်နေပြန်သည်။
“ဟင် …. သူ့ကို အခေါ်ခိုင်းနေတာလား ….”
ယခင်ရက်များက အမြတ်တနိုး ချီခဲ့ရ၊ ချစ်ခဲ့ရသော ကလေး။ မနက်ကပင် အလုပ်သွားခါနီး မွှေးခဲ့ရသေးသည်။ ဒေါ်ခင်ညို အငေးသားတွေးလျက် .
ပါးပြင်ပေါ်မှာ မျက်ရည်များက အဆက်မပြတ် စီးခင်းလာကြသည်။ ကလေးကို ထိကိုင်ထားသည့်လက်မှာ ကလေး၏ နွေးထွေးမှုနှင့် နူးညံ့မှုလေးကို ခံစားရ၏။
ခေါ်ပါတော့ဆို သော သဘောနှင့် ကလေးက ခြေလက်များ လှုပ်ခါရင်း ဒေါ်ခင်ညိုကို ကြည့်၍ ပြုံးလိုက်သည်။
“အို သားလေး ..... သားလေးရယ် .....”

ဒေါ်ခင်ညို၏ ရင်ထဲမှာ မိခင်၏ မေတ္တာ စိမ့်စမ်းရေကြည်များ စီးဆင်းသွားကြသည်။ ပါးပေါ်မှာတော့ မျက်ရည်များက စီးကျနေဆဲ။
ကလေးခဗျာ ဆာစိတ်ဖြစ်လာ၍လားမသိ။ မျက်နှာလေးမဲ့သွားပြီ ငိုသံလေး ထွက်သွားသည်။
“ေဩာ် .....သားလေးရယ် .... အမေခေါ်ပါ့မယ်..... မငိုပါနဲ့ သားလေးရယ် .....”
ကလေးကို ကောက်ချီ၍ ရင်ခွင်မှာ အပ်ပြီး ပွေ့ပိုက်ထားလိုက်သည်။
“ဒီကလေးကို .... ငါရလိုက်ပြီ .... ဒီကလေးကို ငါပိုင်ပြီ .....” ဟုလည်း အခိုင်အမာသိလိုက်သည်။
စောစောက ဒေါသ ၊ အာဃာတ ဖြင့် ပူလောင်နေသည်များ အားလုံး ပျောက်ကွယ်သွားကြသည်။
“သူနဲ့ငါ ကံတူအကျိုးပေး စွန့်ပစ်ခံရတာချင်း အတူတူပဲ”
မျက်ရည်များက စီးကျနေဆဲ။ ဝမ်းနည်း၍လား ၊ ဝမ်းသာ၍ ခွဲခြားမရ။
ကလေးကိုပို၍ တင်းတင်းပါအောင် ပွေ့ပိုက်ထားလိုက်၏။
“ငါ့သားလေး ..... ငါ့သားလေး ဆာနေရော့မယ်.....”
ကလေးကို နို့မှုန့်ဝယ်တိုက်ရန် စဉ်းစားမိသည်။ ကလေးကို ချီပွေ့လျက် သူ့အခန်းဆီသို့ သွားသည်။ ခေါင်းအုံးကို မကြည့်လိုက်သည်။ ပိုက်ဆံသုံးထောင့်ငါးရာ။ သူထားသည့်အတိုင်း ခြေရာလက်ရာမပျက်။ သူ့ယောကျာ်း သိသော်လည်း ယူမသွား။
ပိုက်ဆံကို အမြန်ကောက်ယူလိုက်သည်။ 

ဆက်ရန်...
Credit : လယ်တွင်းသားစောချစ်

သတင်းသစ်များ