မှုခင်း      

အိုက်စ်မူးယစ်ဆေးများကို ကျောက်ချဉ်နှင့် လဲလှယ်ခဲ့သည့် ရဲတပ်ကြပ်ကို သင်္ကန်းဝတ်ဖြင့်ဖမ်းမိ

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့မရဲစခန်းမှာ ပျောက်ဆုံးသွားခဲ့တဲ့ အိုက်စ်မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး သံသယရှိတဲ့ ရဲတပ်ကြပ်ကြီးမြင့်နိုင်ကို သင်္ဃန်းဝတ်နဲ့ ပြန်လည်ဖမ်းဆီးရမိပြီး အရေးယူနိုင်ဖို့ ရဲတပ်ဖွဲ့က စစ်ဆေးနေပါတယ်။

ကျိုင်းတုံမြို့မရဲစခန်းမှာ သက်သေခံအဖြစ်ထိန်းသိမ်းထားတဲ့ အိုက်စ်မူးယစ်ဆေးဝါး တကီလိုအထုပ် ၆၄ ထုပ် ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး စတိုခန်းသော့ကိုင်ဆောင်သူ ရဲတပ်ကြပ်မြင့်နိုင်ကို အဓိက သံသရရှိသူအဖြစ် လိုက်လံဖမ်းဆီးခဲ့တာပါ။

မေလ ၂ ရက်နေ့က ပင်လောင်းမြို့နယ် တီကျစ်နယ်မြေရဲစခန်းက သူ့ကိုသင်္ဃန်းဝတ်နဲ့ ဖမ်းဆီးရမိခဲ့တာလို့ ကျိုင်းတုံမြို့မ ရဲစခန်းကတာဝန်ကျ ရဲအရာရှိတဦးက ပြောပါတယ်။

“ဖမ်းတာက တီကျစ်နယ်မြေရဲစခန်းက ဖမ်းမိတာ။ သူ့ကို သက်သေခံပစ္စည်း မူးယစ်ဆေးဝါးကို ဖျောက်ဖျက်တဲ့အမှုရယ်၊ ရဲစခန်းရယ် နှစ်ခုလုံးအရေးယူမှာပေါ့။ ”

ရဲတပ်ကြပ်ကြီးမြင့်နိုင်ကို ပင်လောင်းမြို့နယ် တီကျစ်ဒေသ နောင်လင်းရွာ ဘုန်းကြီးကျောင်းမှာ သင်္ကန်းဝတ်နဲ့ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဇွန်လ ၃ ရက်နေ့မှာတော့ သူ့ကို ကျိုင်းတုံကို ပြန်လည်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့ကို စစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲပဲလို့ ပြောပါတယ်။

ကျိုင်းတုံခရိုင်အတွင်းမှာရှိတဲ့ ရဲစခန်းတွေကနေ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို သက်ဆိုင်ရာ တရားရုံးတွေက အမှုပြီးပြတ်ကာ သက်သေခံပစ္စည်းတွေအဖြစ် ကျိုင်းတုံမြို့မရဲစခန်းရဲ့ စတိုခန်းမှာ သိမ်းဆည်းထားတာပါ။

သိမ်းထားတဲ့ အိုက်စ် တကီလိုအထုပ် ၁၀၃ အနက် ၆၄ ထုပ်ပါ စက္ကူပုံးဟာ ရဲလုပ်ထုံးလုပ်နည်းနဲ့ ပြုလုပ်ထားတဲ့ အမှတ်အသား ပျက်ယွင်းနေတာကို စစ်ဆေးရာမှာ အိုက်စ်အစား ကျောက်ချဉ်တွေကို အစားထိုး လဲလှယ်ထားခဲ့တာဖြစ်ပါတယ်။

ဒီအတွက် ရဲတပ်ကြပ်ကြီးမြင့်နိုင်အပါအဝင် တာဝန်ရှိသူအဆင့်ဆင့်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာမှာ ရဲတပ်ကြပ်ကြီးမြင့်နိုင်ဟာ မေလ ၁၅ ရက်က ခွင့်မဲ့ ပျက်ကွက် ထွက်ပြေး တိမ်းရှောင်နေတဲ့တွက် သူ့ကို လိုက်လံ ဖမ်းဆီးတာလည်းဖြစ်ပါတယ်။

@Credit

သတင်းသစ်များ