နိုင်ငံရေး   ပညာရေး   

ရှမ်းနီစာပေညီလာခံ မုံရွာမြို့တွင် ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ရှမ်းနီမျိုးနွယ်စုဝင်တွေ စုစည်းပြီး စာသင်ကျောင်းတွေမှာ ရှမ်းစာပေသင်ကြားနိုင်ရေး အတည်ပြုနိုင်ဖို့အတွက် ဇွန်လ ၃ ရက်နေ့က မုံရွာမြို့မှာ ရှမ်းနီစာပေညီလာခံကို ကျင်းပခဲ့ပါတယ်။

ရှမ်းနီစာပေးခေါင်းဆောင်တွေ၊ ပညာရှင်တွေ ပြုစုရေးဆွဲထားတဲ့ KG တန်းနှင့် Grade 1 သင်ရိုးကို ရှမ်းနီအားလုံး တညီတညွတ်တည်း အတည်ပြုနိုင်ဖို့ ဒီညီလာခံကို ကျင်းပရတာလို့ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအတွင်းရေးမှုး စိုင်းဆေးခမ်ဖက ပြောပါတယ်။

ပထမအကြိမ်ညီလာခံကို ၂၀၁၇ ခုနှစ်က မုံရွာတက္ကသိုလ်မှာပြုလုပ်ခဲ့ပြီး ရှမ်းနီစာပေ သင်ရိုးညွှန်တမ်းတွေ ရေးဆွဲဖို့ သဘောတူညီခဲ့ကြတာပါ။ တိုင်းရင်းသားစာပေကို စစ်ကိုင်းတိုင်းမှာ ၂၀၁၆-၁၇ ပညာသင်နှစ်ကတည်းက စတင်သင်ကြားပေးနေပါတယ်။

ချင်းဘာသာစကားအနေနဲ့ ကလေးမြို့နယ်မှာ မျိုးနွယ်စု ၅ ခုရဲ့ စာပေတွေ၊ တမူးမြို့နယ်မှာ မျိုးနွယ်စု ၇ ခုရဲ့ စာပေတွေ သင်ကြားပေးနေပြီး ရှမ်းစာပေအနေနဲ့လည်း မြို့နယ် ၁၁ မြို့နယ်မှာ သင်ကြားပေးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် နာဂအနေနဲ့လည်း မျိုးနွယ်စု ၆ မျိုးသင်ကြားနေပြီး ၂ မျိုးရေးဆွဲနေဆဲဖြစ်ပါတယ်။

ကနန်းစာပေလည်း ရေးဆွဲနေဆဲဖြစ်ပြီး အတည်မပြုနိုင်သေးပါဘူး။ ရှမ်းနီစာပေအနေနဲ့ ကျောင်းသားဦးရေလည်း အရင်နှစ်ထက် တိုးလာသလို ဆရာဆရာမအနေနဲ့လည်း ၉၀၀ ကျော်အထိ တိုးလာတယ်လို့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးကပြောပါတယ်။

နိုင်ငံတော်အနေနဲ့ အခြေခံပညာကျောင်းတွေမှာ တိုင်းရင်းသားစာပေသင်ကြားခွင့်ရရှိရေး လုပ်ဆောင်လာပေမယ့် တချို့ကျောင်းတွေက ပညာရေးဝန်ထမ်းတွေကတော့ အားမပေးတဲ့ အခက်အခဲတွေ ရှိနေသလို စာသင်ချိန်ကိုလည်း စနေ၊ တနင်္ဂနွေ ဒါမှမဟုတ် တပတ်မှ ၂ ကြိမ်သာ ထည့်တာတွေက တိုင်းရင်းသားစာပေသင်ကြားရေးမှာ အခက်အခဲဖြစ်နေသေးတယ်လို့ ညီလာခံ တက်ရောက်လာသူတွေက ပြောပါတယ်။

ဒါ့အပြင် တိုင်းရင်းသားစာပေအတွက် ပညာရေး အသုံးစရိတ်ကိုလည်း အခုထက်မက သတ်မှတ်လျာထားပေးဖို့ တောင်းဆိုခဲ့ကြပါသေးတယ်။

မုံရွာမြို့မှာ ကျင်းပတဲ့ ဒုတိယအကြိမ် ရှမ်းနီစာပေညီလာခံကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ချင်းတိုင်းရေးသားရေးရာဝန်ကြီး၊ တိုင်းလွတ်တော် တိုင်းရင်းသား ရေးရာကော်မတီနှင့် ဌာနဆိုင်ရာတွေ၊ ရဟန်းသံဃာတွေ၊ စာပေပညာရှင်တွေ၊ ရှမ်းနီကျောင်းသား ကျောင်းသူတွေ တက်ရောက်ခဲ့ကြပါတယ်။

#Credit 

သတင်းသစ်များ