နိုင်ငံရေး      

NCA အကျပ်အတည်းနှင့် အကောင်အထည်ဖော်ရန်ခက်နေသည့် တိုင်းရင်းသားများ၏ ဖက်ဒရယ်အိပ်မက်

ရှေ့မတိုးနိုင်ဖြစ်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် တစ်ဆို့မှုများ ဖြစ်နေသည်ဟု တိုင်းရင်းသား လက်နက်ကိုင ်အဖွဲ့အစည်း အများစုနှင့်နိုင်ငံရေးလေ့လာသုံးသပ်သူများက ဝေဖန်မှုများရှိနေသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သည်မှာ သုံးနှစ်ခွဲကျော် လေးနှစ်နီးပါးသို့ ရောက်ရှိလာပြီဖြစ်သော်လည်း တိုင်းရင်းသားများ လိုလားသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်သော အခြေခံမူများကို လက်ရှိ နိုင်ငံရေးဆွေးနွေးပွဲ များ သို့မဟုတ် ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံများက ပုံဖော်နိုင်ခြင်း မရှိသေးပေ။

ထိုသို့ ဖက်ဒရယ်ပြည်ထောင်စု ပုံဖော်ရန် ခက်ခဲနေမှုသည်  NCA ကြောင့်ဟု အချို့သောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက သုံးသပ်နေကြပြီး NCA ကို အဓိပ္ပာယ်ဖွင့်ဆိုမှုတွင် အစိုးရ၊ တပ်မတော်၊ တိုင်းရင်း သားလက်နက်ကိုင်ဟူသော ဆွေးနွေးဖက်များအကြား အယူအဆ  မတူညီမှုများရှိနေသည်ဟု ၎င်းတို့ က ယူဆကြသည်။

NCA စာချုပ်ကို ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် KNU နှင့် RCSS အပါအဝင်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့က အစိုးရနှင့် နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့နောက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမို ကရက်တစ်အစည်းအရုံး (LDU) တို့ကလည်း ယင်းစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး  လက်ရှိတွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ရှိနေပြီဖြစ်သည်။

ထိုသို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့အနက် ကနဦး NCA လက်မှတ်ရေးထိုးခဲ့ကြသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းရှစ်ဖွဲ့တွင် နှစ်ဖွဲ့မှာ လက်ရှိအချိန်အထိ လူမျိုးအလိုက် အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ  ကျင်းပနိုင်ခြင်း မရှိသေးပေ။

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ခြင်း မရှိသေးသည့် အဆိုပါနှစ်ဖွဲ့မှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP တို့ ဖြစ်ပြီး RCSS မှာ နေရာညှိနှိုင်းမရ ခြင်းနှင့် ALP မှာ ရခိုင်ပြည်နယ်တွင် အခြေချစခန်းမရှိသောကြောင့် ၎င်းတို့၏ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ဦးဆောင် မကျင်းပနိုင်ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့သော မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့တွင် NMSP မှာ အကန့်အသတ်ဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ရခဲ့ ပြီး LDU မှာမူ ကျင်းပနိုင်ခြင်း မရှိသေးပေ။

NCA စာချုပ် အခန်း (၅)၊ ပုဒ်မ ၂၀  တွင် နိုင်ငံရေးလမ်းပြမြေပုံ ချ မှတ်ခြင်းတွင် ‘အစိုးရကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများက နိုင်ငံရေး ဆွေးနွေးမူဆိုင်ရာမူဘောင် (The Framework for Political Dialogue) ကို ရေးဆွဲသဘောတူညီမှုရယူပြီး ထိုမူဘောင်ကို အခြေခံ၍ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်း’ ဟု ရေးသားထားသည်။

သို့သော်လည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့် မရရှိသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအတွက် အမျိုးသားတန်းတူရေးဟူသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းချင်း တူညီပါလျက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပခွင့် တန်းတူမရခြင်းကို NCA စာချုပ် သို့မဟုတ် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင်က အဖြေပေးရန် လိုအပ်နေသည်။

ထိုအချက်သည် အခြားသော NCA မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ NCA တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် အခြေခံကောင်းတစ်ခုလည်း ဖြစ်သည်။

ထို့ပြင် NCA စာချုပ်  အခန်း (၄) ပါ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာအောင် လုပ်ဆောင်ခြင်းဟူသော သတ်မှတ်ချက်အရ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ကို ပြည်ထောင်စုအဆင့်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အဆင့်၊ ဒေသအ ဆင့် စသည်ဖြင့် အဆင့်ဆင့် ဖွဲ့စည်း ထားသည်။

သို့သော်လည်း တပ်မတော်နှင့် အပစ်ရပ် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအကြား တစ်စုံတစ်ခုသော ပဋိပက္ခဖြစ်ပွားပါက အဆင့်ဆင့်သော JMC သည် ကွင်းဆင်းစစ်ဆေးခြင်းနှင့် အတည်ပြုခြင်းကိုသာ အဓိက ဆောင်ရွက်နိုင်ပြီး အရေးယူမှုအပိုင်းတွင် အားနည်းမှုများ ရှိနေဆဲပင်ဖြစ်သည်။

 

ရေရှည်တည်တံ့ခိုင်မာသော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် တိကျခိုင်မာသော အပစ်ရပ်လုပ်ငန်းစဉ်များ ထားရှိရန်နှင့် အရေးယူဆောင်ရွက်မှုများရှိပါကလည်း  ပြည်သူလူထုသိရှိစေရန် ပွင့်လင်းမြင်သာသော သတင်းထုတ်ပြန်ပေးမှုများ ဆောင်ရွက်ရန် လိုအပ်နေသည်။

ထို့ပြင် အခန်း (၄)၊ ပုဒ်မ ၁၃၊ ပုဒ်မခွဲ (ဃ) တွင် နှစ်ဖက်သဘောတူထားသည့် တပ်နေရာပြန်လည်ချထား ရေးအစီအစဉ် လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်မှုကို စောင့်ကြည့်လေလာရန် သတ်မှတ်ထား သော်လည်း လက်ရှိအချိန်အထိတပ် နေရာချထားရေးမှာ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးဘဲဖြစ်နေ သည်။

တိကျခိုင်မာသော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ လုပ်ငန်းစဉ်များထားရှိခြင်းသည်လည်း အခြားသော NCA လက်မှတ်မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် အထောက်အကူဖြစ်စေနိုင်မည်ဖြစ်သည်။

ငြိမ်းချမ်းရေး တိုးတက်ဖြစ်ပေါ်မှုနှင့်အညီ နှစ်ဖက်တပ်များ ခင်းကျင်းထားသော မိုင်းများကို ရှင်းလင်းရန်နှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်များကို နိုင်ငံတော်အစိုးရနှင့် တစ်ဆင့်ချင်းညှိနှိုင်းပြီး ပူးပေါင်း ဆောင်ရွက်သွားရန်ဟု NCA စာချုပ်အခန်း (၃) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာကိစ္စရပ်များတွင် ဖော်ပြထားသော်လည်း အစိုးရနှင့် အပစ်ရပ်အဖွဲ့များအကြား မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်မှ ယနေ့တိုင် စတင်နိုင်ခြင်း မရှိသေးပေ။

NCA စာချုပ် အခန်း (၆) ပုဒ်မ  ၂၅ တွင် ကြားကာလအတွင်း ဆောင်ရွက်ရမည့် အစီအစဉ်များကို သတ်မှတ်ထားပြီး အဆိုပါ သတ်မှတ်ချက်အရ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များသည် သက်ဆိုင်ရာ အပစ်ရပ်နယ်မြေအတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စ ရပ်များတွင် သက်ဆိုင်ရာအဖွဲ့အစည်း၏ အတိုင်းအတာအရ အပစ်အခတ်ရပ်စဲထားပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပနေစဉ်ကာလအတွင်း နှစ်ဖက်ညှိနှိုင်းကာ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးဆိုင်ရာ အခြေခံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် သဘောတူထားခဲ့ကြသည်။

ထို့ပြင်အဆိုပါအခန်းရှိသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား ၊ စာပေနှင့် ယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ရေးဆိုင် ရာလုပ်ငန်းများ၊ ဒေသဆိုင်ရာတည် ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက်ရန်ကိုလည်း NCA စာချုပ်တွင် သဘောတူထားသည်။

သို့သော်လည်း NCA စာချုပ် လက်မှတ်ရေးထိုးပြီးသော သုံးနှစ်ကျော်ကာလအတွင်း NCA စာချုပ်ပါ ကြားကာလအစီအစဉ်များကို လက်ရှိအချိန်အထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသေးသည်ကို တွေ့မြင်နေရဆဲဖြစ်သည်။

ထို့ကြောင့် NCA စာချုပ်ပါ အချက်များကို အစိုးရ၊ တပ်မတော် နှင့် အပစ်ရပ် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများအကြား အကောင်အထည်ဖော်ရန်ပျက်ကွက်မှု သို့မဟုတ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု မရှိခြင်းသည် NCA ၏ အကျပ်အတည်းအဖြစ်  မှတ်ယူရမည်ဖြစ်သည်။

သို့သော်လည်း လက်ရှိနိုင်ငံရေးဆွေးနွေးပွဲ သို့မဟုတ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသည် NCA စာချုပ်မှပေါ်ထွက်လာခြင်း ဖြစ်သည်။

NCA စာချုပ် အခန်း (၅)၊ ပုဒ်မ ၂၀  တွင် နိုင်ငံရေးလမ်းပြမြေပုံချ မှတ်ထားပြီး အဆိုပါလမ်းပြမြေပုံအရ NCA လက်မှတ်ရေးထိုးခြင်း၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ရေးဆွဲခြင်း၊ ထိုမူဘောင်ကို အခြေခံ၍ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပခြင်း၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခြင်းနှင့် နှစ်ဖက်သဘောတူညီသော ကြိုတင်ဆောင်ရွက်ဖွယ်ရာများကို လုပ်ဆောင်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပခြင်း၊ ပြည်ထောင်စု သဘောတူစာချုပ်ချုပ်ဆိုခြင်း၊ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက်ရယူခြင်းနှင့် ပြည်ထောင်စုသဘောတူ စာချုပ်ပါ သဘောတူညီချက်များကို အကောင်အထည်ဖော်ခြင်းနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ကို နိုင်ငံရေးလမ်းပြမြေပုံတွင် ဖော်ပြထားသည်။

ပြည်ထောင်စုသဘောတူစာချုပ်ပါအချက်များကို အကောင်အထည်ဖော်ခြင်းတွင် ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေအား ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်းဟူသော လုပ်ငန်းစဉ်များလည်း ပါဝင်နေသည့်အတွက် အကြောင်းအမျိုးမျိုးကြောင့် NCA အရ ဖြစ်တည်နေသော ငြိမ်းချမ်းရေး ဆွေးနွေးမှုလုပ်ငန်းစဉ် ရပ်တန့်သွား ခြင်းမျိုး မဖြစ်ပေါ်စေရန် အလွန်အရေးကြီးသည်။

ထို့ကြောင့် NCA ဆိုင်ရာ အကျပ်အတည်းများကို တရားမျှတမှုဘောင်အတွင်းမှ ဆွေးနွေးအဖြေရှာကြရန် ဆွေးနွေးဖက် အသီးသီးတွင် တာဝန်ရှိပြီး အထူးသဖြင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်သော အခြေခံမူများကို ကြိုးစားညှိနှိုင်း အဖြေရှာကြရန် အလွန်အရေး ပါသည်။

လက်ရှိတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အဓိကတစ်ဆို့မှုအဖြစ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ လိုလားသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တပ်မတော်က လိုလားသော ခွဲမထွက်ရေး၊ လုံခြုံရေးကဏ္ဍ တို့ကိုသတ်မှတ်ထားပြီး လုံခြုံရေးကဏ္ဍတွင် လက်နက်ဖြုတ်သိမ်းရေး နှင့် တစ်ခုတည်းသော တပ်မတော် ထားရှိရေးတို့ ပါဝင်သည်။ ပြည်ထောင်စုသဘောတူစာချုပ်တွင် ခွဲမထွက်ရေးကို ထည့်သွင်းပေးရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဘက်က သဘောတူပေးမှသာ တိုင်းရင်းသားများ လိုလားသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟူသောအချက်ကို တပ်မတော်က သဘောတူပေးမည့် အနေအထားကြောင့် တိုင်းရင်းသားများ လိုလားသည့် ဖက်ဒရယ်ပြည်ထောင်စုအိပ်မက်မှာ ဝေ၀ါးနေဆဲပင်ရှိသေးသည်။

ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး အတွက် NCA စာချုပ် အခန်း (၁) တွင် အခြေခံမူ ၁၁ ချက်ကို ထည့်သွင်းရေးဆွဲထားပြီး အဆိုပါအခြေခံမူ ၁၁ ချက်အနက် ‘တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်သော ပြည်ထောင်စု တပ်မတော်ဆိုင်ရာကိစ္စရပ်များကို နိုင်ငံရေးတွေ့ဆုံဆွေး နွေးပွဲများတွင် ထည့်သွင်းဆွေးနွေးသွားရန်’ ဟူသော အချက်သည် လုံခြုံရေးကဏ္ဍနှင့် ဆက်စပ်နေသည်။

လက်နက်ဖြုတ်သိမ်းခြင်းနှင့် တစ်ခုတည်းသော ပြည်ထောင်စုတပ်မတော် တည်ဆောက်ခြင်းအတွက် ခိုင်မာအားကောင်းသော ယုံကြည်မှု မရှိဘဲ မည်သို့မျှ ဆောင်ရွက်နိုင်မည် မဟုတ်သည့်အတွက် အဆိုပါ အချက်သည် ချက်ချင်းလက်ငင်း ဖြေရှင်းဆောင်ရွက်နိုင်မည် မဟုတ်ပေ။

အာဏာခွဲဝေမှု၊ဘဏ္ဍာခွဲဝေမှု၊ဘာသာလူမျိုးစသည့် အကြောင်းအရာအလိုက်တွင် ပြည်နယ် ၊ ပြည်မ ခွဲခြားဆက်ဆံခြင်း မရှိဘဲ တန်းတူညီမျှရေးကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးတွင်ပင် အဓိပ္ပာ ယ် အယူအဆ ကွဲပြားနေမှုကြောင့် နိုင်ငံရေး ဆွေးနွေးပွဲများမှ ဖက်ဒရယ်အခြေခံမူများ ရရှိရေး ရှေ့မတိုးနိုင်ဖြစ်နေသည့်အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်အချို့က လမ်းမလွဲစေရန် မကြာခဏ သတိပေးနေရသည်။

NCA စာချုပ်အရ တိုင်းရင်းသားများ လိုလားသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်သော်လည်း NCA ဆိုင်ရာ အကျပ်အတည်းများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တစ်ဆို့မှုများကို ဖြေရှင်းနိုင်ရေးအတွက် အကျေအလည် ညှိနှိုင်း ဆွေးနွေးအဖြေရှာဆုံးဖြတ်ပေးနိုင်မည့် ဆွေးနွေးပွဲအခင်းအကျင်းတစ်ခုမှာ မရှိမဖြစ် လိုအပ်နေသေးသည်။     

တစ်ဖက်တွင်လည်း အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအတွင်း၌ ပင် NCA ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုမှု ကွဲလွဲခြင်းနှင့် လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ဆို့မှုတွင် အဖြေရှာမှု အယူအဆ အလွဲ များကြောင့် စုပေါင်းစုဖွဲ့မှုတွင် အခက်အခဲများဖြင့် ရင်ဆိုင်နေရသည်။

ထို့ကြောင့် NCA အကျပ်အတည်းများ  ဖြေရှင်းခြင်းနှင့် တိုင်းရင်းသားများ လိုလားသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့အတွင်း အားကောင်းသော စုစည်းမှုမှာ အလွန်ပင်အရေးကြီးနေသည်။

စုပေါင်းစုဖွဲ့မှုဖြင့် ခရီးနှင်ခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပင် အခက်အခဲများ ကျော်ဖြတ်နိုင်ရန် ခက်ခက်ခဲခဲ ကြိုးစားညှိ နှိုင်းနေရချိန် တစ်စုတစ်ဖွဲ့ဖြင့်သွားပါက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ပိုမိုအလှမ်းဝေးနိုင်သည့်အတွက် တိုင်းရင်း သားလက်နက်ကိုင်အစုအဖွဲ့အတွင်း ခိုင်မာသော သဘောတူညီချက်များ မဖြစ်မနေ ထားရှိရမည်ဖြစ်သည်။

ထိုသို့ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့အတွင်း ခိုင်မာသော သဘောတူညီချက်အား လက်ကိုင်စွဲထားပြီး တစ်ဖက် ဆွေးနွေးဖက်များဖြစ်သည့် အစိုးရ၊တပ်မတော်တို့နှင့် ဆွေးနွေးမှသာ တိကျသော အဖြေ ရရှိနိုင်မည်ဖြစ်သည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ချုပ်ဆိုသော NCA စာချုပ်သည် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ယခင်က ချုပ်ဆိုခဲ့သော သဘောတူညီချက်များကို ထပ်လောင်းအတည်ပြုခြင်း၊ ပိုမိုခိုင်မာစေခြင်း၊ ထပ်ဆင့်အတည်ပြုခြင်းဖြစ်ပြီး ပါဝင်သင့်သူအားလုံး ပါဝင်နိုင်သော နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် တရားမျှတမှုနှင့် ဂုဏ်သိက္ခာရှိမှုတို့အပေါ် အခြေခံသည့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ဦးတည်သည်ဟု NCA စာချုပ်၏ နိဒါန်းတွင် ဖော်ပြထားသည်။

ထို့နောက် ဤ NCA စာချုပ်  လက်မှတ်ရေးထိုးကြသော ကျွနု်ပ်တို့သည် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရန် အတွက် တာဝန်ယူမှု တာဝန်ခံမှုနှင့် ပွင့်လင်း မြင်သာမှုတို့ကို အခြေခံ၍ ဤသဘော တူစာချုပ်ပါ အချက်များကို ပြီးစီး အောင်မြင်သည်အထိ မပျက်မကွက် အတူတကွ ပူးတွဲ အ ကောင်အထည်ဖော် ဆောင်ရွက်သွားရန် အပြန်အလှန် သန္နိဋ္ဌာန် ပြုကြသည်ဟုလည်း NCA စာချုပ်၏ နိဒါန်းတွင်ပင် ဖော်ပြထားသည်။

သို့သော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးဖက်များဖြစ်ကြသည့် အစိုးရ၊တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များအကြား မတူကွဲပြားသည့် ဖက်ဒရယ် ပြည်ထောင်စုပုံစံ၊ NCA စာချုပ်ပါ အချက်များ အကောင်အထည်ဖော်ရန် ပျက်ကွက်မှုနှင့် နိုင်ငံရေးဆွေးနွေးမှုပုံစံ တန်းတူညီမျှမှု မရှိခြင်းများမှာ ထင်ရှားနေဆဲဖြစ်သည်။

အစိုးရသည် ၂၀၁၉ ခုနှစ်အတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ နှစ်ကြိမ်ကျင်းပပြီး ၂၀၂၀ ပြည့်နှစ်တွင် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်ရန် ဆန္ဒရှိနေသကဲ့သို့ တပ်မတော်ကလည်း ၂၀၂၀ တွင် ပြည်သူ့ လက်ဝယ်သို့ ငြိမ်းချမ်းရေးအပ်နှင်းရန် ဆန္ဒရှိနေသည်။

သို့သော်လည်း လက်ရှိအချိန်အထိ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေးအတွက် တရားဝင် နိုင်ငံရေးဆွေးနွေးပွဲများဖြစ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ကဲ့သို့သော အစည်းအဝေးများသည် ယခုအချိန်အထိ ခေါ်ယူနိုင်ခြင်း မရှိသေးပေ။

NCA ဆိုင်ရာ အကျပ်အတည်းများ ဖြေရှင်းနိုင်ရေးနှင့် NCA က လွှမ်းခြုံခြင်းမရှိသော ကိစ္စရပ်များ ဖြေရှင်းနိုင်ရေး အတွက် ခေါ်ယူရမည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) သည်ပင် မခေါ်ယူနိုင်သည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သည်။

ထို့အတူ NCA လက်မှတ်မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး မဖြစ်နိုင်သေးသည့်အတွက် တပ်မတော်၏ ဆန္ဒပြည့်ဝနိုင်ရေးမှာလည်း ခက်ခဲနေမည်သာဖြစ်သည်။

အချုပ်အားဖြင့် ငြိမ်းချမ်းရေးတစ်ဆို့မှုကို ဖြေရှင်းခြင်း၊ NCA အကျပ်အတည်းများကို ဖြေရှင်းခြင်း၊တိုင်းရင်းသားများ လိုလားသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အခြေခံမူများ ချမှတ်ခြင်း စသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ အခက်အခဲများကို ဖြေရှင်းနိုင်ရေးမှာ လက်ရှိ အချိန်အထိ ခက်ခဲနေဆဲပင်ဖြစ်သည်။

အစိုးရ၊တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ခိုင်မာသော ယုံကြည်မှု မတည်ဆောက်နိုင်သမျှ အဆိုပါ အခက်အခဲများကို ဖြေရှင်းနိုင်ရေးမှာ အကန့်အသတ်များရှိနေဦးမည် ဖြစ်သည်။

လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ရရှိသော အကျိုးကျေးဇူးသည် ယခုထက် ပိုမိုထင်သာမြင်သာ ရှိမှသာ NCA လက်မှတ်မထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များလည်း NCA တွင် ပါဝင် လက်မှတ်ရေးထိုးလာမည်ဖြစ်သည်။

NCA စာချုပ်ကို အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များအပြင် အာဏာရပါတီမှ လွှတ်တော်ဥက္ကဋ္ဌများ လက်မှတ်ရေးထိုးခဲ့ကြသကဲ့သို့ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများကလည်း အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးထားကြသည်။

ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တစ်ဆို့မှုကို ဖြေရှင်းရာတွင် အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် အဓိက တာဝန်ရှိသော်လည်း စုပေါင်းဖြေရှင်းမှု၌ အားလုံးတွင် တာဝန်ရှိသည်ဟု သတ်မှတ်ရမည်ဖြစ်သည်။

#Credit

သတင်းသစ်များ