၀တ္တု      

လေစိမ်းတွေ တိုက်လို့ ရေစိမ်းတွေစင်- လယ်တွင်းသားစောချစ်

လေစိမ်းတွေ တိုက်လို့ ရေစိမ်းတွေစင်- လယ်တွင်းသားစောချစ်

မနက်ဖြန် သြင်္ကန် ကျတော့မည်။ သြင်္ကန်အရှိန်နှင့်မို့ ကျွန်တော်တို့ ရွာကလေး ပိုပြီး သာယာလာသလို စိတ်ထဲမှာ ခံစားရသည်။
သြင်္ကန်တွင်းမှာ ဘုန်းကြီး ကျောင်းလှူရန်နှင့် ကျွေးရန် ၊ ပေးရန် ရွာအပြင်ထွက်၍ မုန့်ဆီကြော်ကြပြီ။
မုန့်ဆီကြော် ညှော်နံ့လေးရွာဆီသို့ သင်းလာသည်က သွားရည် ယိုစရာ။
“လူလေးရေ ၊ ဟောဒီမှယ အမေကြီး တာအိုးလေးတွေ ဝယ်လာတယ်၊ သြင်္ကန် ကြိုရအောင် ပန်းချိုးချေပါဟေ့”
အမေကြီး လက်ထဲမှာ တာအိုးလေးတွေ ပါလာသည်။
ကျွန်တော်ဆယ်နှစ်သားကတည်းက ထမ်းဆောင်ခဲ့ရသော တာဝန် ၊ ယခုဆယ့်ခုနှစ်နှစ်သားရှိပြီ။ နွားတစ်ရှဉ်းနိုင်၍ ထွန်ကိုင်တက်သော လယ်သမားဖြစ်နေပြီ။ အမေကြီးက လူလေးခေါ်တုန်း ။ အတာပန်း အချိုးခိုင်းတုန်း။
ကျွန်တော်ရွာအပြင်သို့ ထွက်ခဲ့သည်။ ရွှေဘုံသာ ကျောင်းထဲမှာ သပြေပင်ရှိသည်။

လူမဦးခင် အရင်ရောက်မှ။ နောက်ကျလျှင် သပြေပင် ခေါင်းတုံးပဲ မြင်ရမည်။
ကျွန်တော်ရောက်သွားတော့ ကောင်လေး သုံးယောက် သပြေပင်ပေါ် ရောက်နေကြပြီ။
“ဟေ့ကောင်တွေ ၊ ငါ့ဖို့လဲ ပို့လိုက်ကြဦးကွ”
ကျွန်တော်မတက်ချင်၍ အရင်တောင်းကြည့်သည်။
“အဲဒီအောက်မှာ ချိုးချထားတဲ့အထဲက ထိုးလောက်ရုံယူသွား ၊ ခင်ဗျားအိမ်အတွက် တင်နော်”
“အေးပါကွ”
ကောင်လေးတွေ သဘောကောင်း၍ ဟန်ကျသွားသည်။
သပြေပန်းရပြီ။ ဖိုးသင်းကြီး ခြံထဲမှာ သီးပင်ရှိသည်။ အပြန်ဝင်၍ သီးညွန့် သုံးခက် ချိုးသည်။ အုန်းပန်းနှင့် မြေဇာမြက်က ကျွန်တော်တို့ ခြံထဲမှာတောင် ရှိသည်။ စုံသွားပြီ။
ရေတွင်းသွားပြီး တာအိုးနှင့် တာပန်းများကို ရေဆေးသည်။ ပန်းထိုးသည်။
အတာကြိုရသည်က ပျော်စရာ။
ညနေဆိုလျှင် အိမ်တိုင်း၏ ရှေ့မှာ အတာအိုး အတာပန်းတွေ နှင့် သြင်္ကန်မင်းကို ကြိုကြမည်။
ရေတွင်းမှာ ကောင်လေးသုံးယောက် ရေချိုးရင်း ပြွတ်စမ်းနေကြသည်။ ရေပြွတ် အပြေးပြိုင်နေကြသည်။
“ဒီနှစ် ခင်စိုးကို ငါရေလောင်းရမလား”
ရေပက်နေသော ကလေးများကိုကြည့်ရင်း ကျွန်တော့်ရင်ထဲ မှာ လွမ်းလွမ်းဆွေးဆွေး ခံစားရသည်။
ခင်စိုးနှင့် ကျွန်တော် ငယ်ငယ်ကတည်းက မြေမှုန့်အတူ ကစားဖက်။ ထုပ်စီးထိုးဖက် ။ ဒီထိုးဖက် ။ အသက်ကလည်း အတူတူ ။ ငြင်းလိုက်ကြ ။ ခုန်လိုက်ကြ ။ ရန်ဖြစ်ကြ ။ပြီးတော့ ပြန်ခေါ်ကြ ။ ပြန်ကစားကြ။
လေးတန်းအထိလည်း ဆရာကြီး ဦးဖိုးသာ ကျောင်းမှာ ကျောင်းနေဘက်။
ခင်စိုးက ဖွံ့ထွားသည်။ ၁၅နှစ် သမီးကတည်းက အပျိုကြီး ဖားဖား ဖြစ်လာသည်။
အံ့သြစရာ။ ငယ်ငယ်က အတူကစားဖက် ခင်စိုးတစ်ယောက် အရွယ်ရောက်လျှင် ဤ မျှ လှလာမည်ဟု ကျွန်တော် မထင်မိခဲ့။
ခင်စိုး အပျိုစာရင်းဝင်လိုက်သည်နှင့် နှုတ်ဖျားမှာ ခင်စိုးနာမည် ရေပန်းစားသည်။ အလှူရှိတိုင်း ကွမ်းတောင်ကိုင် ။မင်္ဂလာဆောင်ရှိတိုင်း လက်ဖက်ပွဲချ။ ခင်စိုးနေရာတွင် အများကြီး ရနေသည်။
ဝတ်နိုင် ဆင်နိုင်တာကလည်း ခင်စိုးအလှကို အများကြီး အထောက်အကူ ပြုသည်။
ခင်စိုး မိဘများ ပိုင်သည့် လယ်ဧက မှာ ကျွန်တော်တို့ လောက်ပင် ရှိပါသည်။ ဧက နှစ်ဆယ်ကျော် နှစ်ဆယ့်တစ်။ သို့သော် သူတို့က ယခု သုံးနှစ်အတွင်း မှာ နှမ်းလျင်အချီကြီး တစ်ခါမိလိုက်သည်။ နောက်တစ်နှစ်မှာ ငရုတ်ဈေးကောင်းရသည်။ မနှစ်က ကြက်သွန်လှောင်တာ မှန်သွားသည်။
ဤကြားထဲ ခင်စိုး ဖခင် ဦးမြခင်က စီးပွားတက်၍ သူတို့ ထုံးစံအတိုင်း အမြင်ပိုကျယ်လာသည်။

ကိုယ့်အခင်းမှ ထွက်သော ငရုတ်သီး ကြက်သွန်ကို တစ်ဆင့်ခံ ရွာပွဲစား များထံမှာ မရောင်းဘဲ မန္တလေးအထိ သွားရောင်း၍ ဈေးပိုရသည်။

နောက်တော့ မန္တလေးပွဲစားများနှင့် ပေါင်းမိ၍ တခြားသူတို့၏ ငရုတ်သီး ကြက်သွန်များကိုပင် ပြန်ဝယ်ပြီး တစ်ဆင့် ရောင်းသော ပွဲစားတစ်ပိုင်းဖြစ်လာသည်။

င်စိုးကိုလည်း စဉ့်ကိုင်မှာ စက်ချုပ်သင်ပြီး အိမ်မှာ စက်တစ်လုံး ဝယ်ပေးထားသည်။

တောမထွက်ရသော ခင်စိုးသည် ရွာသူတို့ အလယ်မှာ ဖြူဖြူသန့်သန့်လေး ဖြစ်နေ၏ ။
ထို့ကြောင့် ဥစ္စာပေါ ရုပ်ချော ခင်စိုးတစ်ယောက် မာနတက်လာသည်။

ငယ်သူငယ်ချင်း ဖြစ်ခဲ့ဖူးသော ကျွန်တော်တို့ကိုပင် အဖက်မတန်သလို လုပ်လာသည်။

လမ်းတွေ့လျှင် ဟန်တွေ မာန်တွေနှင့် မျက်နှာထားက တင်းနေသည်။
မနှစ်ကထက် အရင်တစ်နှစ် သြင်္ကန်မှာ ခင်စိုး သူ့အဘွားကို ရေကန်တော့ရန် ကျွန်တော်တို့ ခြံရှေ့မှ ဖြတ်သွားစဉ် ကျွန်တော်ရေလောင်းဖို့ ပြေးသွားသည်။
“နင် …. ငါ့ကို ရေမလောင်းနဲ့”
ခင်စိုးက ကျွန်တော့်ကို တူးတူးခါးခါး ဟန့်တားသည်။
“သြင်္ကန်ပဲဟာ နည်းနည်းပါးပါးလောက်ပါ”
ကျွန်တော် က တောင်းတောင်းပန်ပန် ပြောကြည့်သည်။
“သြင်္ကန်ဘဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် တွေ့ကရာ ရေတွေနဲ့ အပက်မခံနိုင်ဘူး”
“ငါ့ ရေက သန့်ပါတယ်ဟာ ၊ ငါခုမှ ရေတွင်းက ဆွဲလာတာပါ”
“နင် ရေက သန့်ပေမယ့် နင့်ပုံးက မသန့်ဘူး …. ပုံးစုတ် ပုံးပြတ်ကြီး”
ကျွန်တေ်ာ ပုံးကို ငုံ့ ကြည့်လိုက်သည်။
မှန်ပါသည်။ ကျွန်တော့် လက်ထဲက ကြိုးတန်းလန်းနှင့် ရေငင်ပုံးမှာ နှုတ်ခမ်းသား တစ်ခြမ်း ကွဲပြတ်နေသည်။
“ဒီပုံးက သန့်ပါတယ်ဟာ …. ငါတို့ အိမ်သုံးနေတဲ့ ပုံးပါ ….”
“နင်တို့ အိမ်သုံးချင်သုံး မသုံးချင်နေ ၊ ငါ့ကိုတော့ ဒီလို ပုံးစုတ်နဲ့ လာမလောင်းနဲ့ ….. ”
ခင်စိုးက မာမာတင်းတင်း ပြောပြီး ထွက်သွားသည်။
ကျွန်တော် အရွဲ့တိုက်ပြီး နောက်ကနေ လောင်းလိုက်ချင်သည်။

သို့သော် ခင်စိုး စိတ်ဆိုးမည်စိုး၍ ထိန်းချုပ်နေလိုက်ရ၏ ။

ခင်စိုး ကျွန်တော့်ကို မကျေမနပ် မဖြစ်စေချင်။
အရွယ်ရောက်လာသည်နှင့်အမျှ အလှကြီးလှလာသော ခင်စိုးကို ကျွန်တော် သဘောကျသည်။ ပွင့်ပွင့်လင်းလင်း ဝန်ခံရလျှင် ခင်စိုး မေတ္တာကို ကျွန်တော် ရချင်သည်။

* * *

သြင်္ကန်တွင်းကာလတွင် ကျွန်တော်တို့ ရွာ၏ လူကြီး ၊ လူငယ် လူရွယ် လူလတ်အားလုံး ဘုန်းကြီးကျောင်းသို့ သွားကြသည်။

မနှစ်က သြင်္ကန်။ ဒီနှစ်တော့ နည်းနည်းဖြစ်ဖြစ် ခင်စိုးကို ရေလောင်းခွင့်ရချင်သည်။
ကျွန်တော့်ရင်ထဲမှ ပြင်းပြသော ဆန္ဒ။
ဆယ့်ခြောက်နှစ် သမီး အရွယ်တွင် ခင်စိုးက ပိုပြီး လှလာသည်။
ကျွန်တော်တို့ ရွာဓလေ့ မှာ ဥပုလ်ကျောင်းမှ အပြန်တွင် မိန်းကလေးများကို ယောကျာ်းလေးများက ရေလောင်းကြသည်။
ခင်စိုး ဘယ်ကျောင်းမှာ ဥပုလ်စောင့်သည်ကို သိထားရရန် လိုသည်။

မသိလျှင် လွတ်သွားမည်။
ဘုန်းကြီးကျောင်း နှစ်ကျောင်းလုံးမှာ ကျွန်တော် အသေအချာ ရှာကြည့်သည်။

ခင်စိုးကို ဘယ်ကျောင်းမှ မတွေ့။
ကျွန်တော့် အိမ်က ရေငင်ပုံးကို သြင်္ကန်နားနီးမှ အသစ်လဲထားသည်။

ပုံးသစ်နှင့် ဆိုလျှင် ခင်စိုး အပက်ခံမည် ထင်သည်။
ခင်စိုး အဖေနှင့် အမေကို တောင် ကျောင်းမှာ တွေ့သည်။ သို့သော် ခင်စိုး မပါ။
“ဘာလို့ ဥပုလ်ကျောင်းကို မလိုက်တာပါလိမ့် ၊ နေများ မကောင်းလို့လား”
ကျွန်တော် စိုးရိမ်လိုက်မိသည်။
ခင်စိုးနှင့် အိမ်နီးချင်းဖြစ်သော လှဦးကို မုန့်လက်ဆောင်းသောက်နေရာမှာ တွေ့သည်။
“ဟေ့ကောင် လှဦး ၊ ခင်စိုး ဥပုလ်စောင့်လာတာ မတွေ့ပါလား”
ကျွန်တော်က စူးစမ်းကြည့်သည်။
“ဘာလဲ မင်း ခင်စိုးကို ရေပက်ချင်လို့ လိုက်ရှာနေတာလား”
“အေး”
“ဟင်း …. ဟင်း … မင်းတို့ ပုံးစုတ်နဲ့ ပက်တဲ့ရေကို ခံရမှာစိုးလို့တဲ့ မနေ့က ညနေကတည်းက မန္တလေး သြင်္ကကို သွားပြီ…..”
လှဦးက မုန့်လက်ဆောင်း ကုန်သွားပြီမို့ လက်ထဲမှ ဖန်ခွက် ကို ချထားခဲ့ပြီ ကျွန်တော့်ဘက်သို့ လှည့်လာ၍ သူ့ပါးစပ်ကို လက်ဝါးနှင့် သုတ်နေသည်။
“ဟာ …. တကယ်လား ဟေ့ကောင်”
ကျွန်တော် မယုံချင်ပါ။
“တကယ်ပေါ့ကွ ၊ ဒီရွာမှာ ရေပက်ခံရတာ အောက်တန်းကျတယ်တဲ့ ၊ ပုံးစုတ်တွေနဲ့တဲ့ ၊ ရေဖလားနဲ့တောင် မပက်နိုင်ကြဘူးတဲ့ ၊ ဒါကြောင့်မို့ အဆင့်အတန်း မြင့်မြင့် မန္တလေး သွား ရေပက်ခံမယ်တဲ့”
ကျွန်တော် စိတ်မကောင်းဖြစ်မိသည်။
“ငါတောင် အမြင်ကတ်လို့ ရွာလွန် ရွက်တိုက်တယ်ဆိုတာ နင်တို့လို ဟာမျိုးတွေ တောင် ပြောလိုက်သေးတယ် ၊ တိုက်သင့်ရင် တိုက်ရမှာပဲတဲ့ ၊ ဒီရွာကကောင်တွေ ပက်တဲ့ရေခံရမှာ သနတယ် တဲ့ ….”
“ကြီးကျယ် လိုက်တာကွာ ….. ”
ကျွန်တော် မကျေမနပ် ပြောလိုက်မိသည်။

* * *

ခင်စိုးနှင့်အတူ သူတို့ အိမ်နီးချင်း အပျိုကြီး မညွန့်နှင့် သူ့ အဒေါ် မသန်းဆင့်တို့ မန္တလေး သြင်္ကန်သို့ ပါသွားကြသည်။
သူတို့ အိမ်မှာ လာတည်းပြီး စပါးဝယ် နှမ်းဝယ်သော မန္တလေးမှ ပွဲစား ကိုရွှေသိန်း အိမ်မှာ တည်းကြသည်။
“အမယ်လေး အိမ်ကြီးကလဲ အကျယ်ကြီးတော် … ကိုရွှေသိန်းက တပည့်တစ်ယောက်တည်း နေကြတာ ၊ ဂရုစိုက်လိုက်တာလဲ လိုလေသေးမရှိဘူး ၊ သူတို့ ဆရာတပည့် ကိုယ်တိုင် ချက်ကျွေးလို့ ကျုပ်တို့ပါ ဝင်ပြီး ချက်ကြ ၊ ခူးခပ်စားကြနဲ့ ပျော်စရာကြီး ၊ နောက်နေ့တွင် ကျတော့ ကိုရွှေသိန်းနဲ့ ခင်စိုးက ဈေးသွားဝယ်တယ် ၊ ကျုပ်တို့က ချက်ကြပြုတ်ကြပေါ့ ၊ ဘာမှ အားနာစရာမရှိဘူး ၊ ကိုယ်အိမ်ကျနေတာပဲ”
သြင်္ကန်ပြီး၍ ရွာပြန်လာကြသောအခါ ခင်စိုး အဒေါ် မသန်းဆင့် တစ်ယောက် အိမ်နီးချင်းများကို အားပါးတရ ကြွားနေသည်။
“ဟုတ်ပါတော် ၊ ကိုရွှေသိန်းက ဂရုစိုက်လိုက်တာ လွန်ရော ၊ ရေသဘင်လဲ ကားငှားပြီး လိုက်ပြတယ် ၊ အလှပြကားကြီးတွေကလဲ လှလိုက်တာနော် ၊ အက မဏ္ဍပ်တွေကလည်း အများကြီး ၊ လူတွေကလည်း စည်လိုက်တာ ၊ ရေပတ်တာကလဲ ပိုက်ကြီးတွေနဲ့အေရယ်…….”
“ဒီမှာလို ပုံးစုတ်နဲ့ ပက်တာ တစ်ယောက်မှ မရှိဘူး ၊ တချိုု့က ရေခဲရေ နဲ့ပက်တယ်အေ ၊ အေးလိုက်တာ အသည်းခိုက်တယ် ၊ ကိုရွှေသိန်းက တဘက်တွေ ယူပြီး ခြုံခဲ့ကြတဲ့ ခိုင်းတယ် ၊ တို့ကတော့ မသိပါဘူး ၊ သူပြောတော့ ဟုတ်တယ်ဟဲ့ ၊ ကြာတော့ ချမ်းလာတယ် ၊ ခိုက်ခိုက် ကို တုန်နေတာပဲ ….”
“တချိုု့ရေပိုက်တွေက အတင်းပက်တော့ အမယ်လေး …. တဘက် ခြုံထားလို့ တော်သေးတယ် ၊ ခင်စိုးဆိုရင် တအား ဝိုင်းပက် ကြတာ ၊ နောက်တော့ ဘယ်တက်နိုင်မလဲ ၊ ကိုရွှေသိန်း က သူ့ကိုယ်နဲ့ ကာပြီး ဖက်ပေးထားရတယ် ၊ ဟင်း …. ဟင်း ”
အပျိုကြီး မညွန့်က မသန်းဆင့် ထက်ပိုပြီး စုံသည်။ ဘေးမှ ဝိုင်း နားထောင်နေသူတွေက ပါးစပ်အဟောင်းသားနှင့် ငေးလို့ မောလို့ ။ ပြီးမှ တစ်ဆင့် သတင်း ပြန်လွှင့်ကြသည်။ တစ်ရက် နှစ်ရက် နှင့် တစ်ရွာလုံး ပြန့်သွားကြသည်။
အချို့က အားကျသည်။ အချို့ မေးငေါ့သည်။
ကာလသားတွေကတော့ ရေပုံးနှင့် ပက်သည်ကို နှိမ့်ချပြော၍ မကျေနပ်။
ရွာမှာ ကာလသားတိုင်း သြင်္ကန်ကျလျှင် ရေငင်ပုံးနှင့်သာ ရေပက်သည်။ ရွာနှင့် ကိုက်ညီသော ရွာ စရိုက် ။ ရွာထဲမှာ ရေတွင်းတွေ ပေါသည်။ အိမ်တိုင်းမှာ ရေငင်ပုံးရှိသည်။ ကိုယ့်အိမ်ကပုံးကို ယူလာပြီး ကြုံရာတွင်းမှာ ရေငင်၍ ပက်သည်။ အစဉ်အဆက် လက်ခံခဲ့သော နည်း ။ သူတို့ကျမှ ရေပိုက်ကြီးနှင့် ပက်စရာ။ ရွာမှာ မီးပြောင်းပင် ရှည်ရှည် မရှိ။
ဟန်ကြီး ပန်ကြီးနှင့် အသားကြီး အနာကြီး နိုင်သည်။ ကာလသားများ အမြင်ကတ်ကြသည်။
ကျွန်တော့်စိတ်ထဲမှာတော့ ခင်စိုးနှင့် ပို၍ ဝေးသွားသလို ခံစားရသည်။
“သြော် ….. ခင်စိုးရယ် ”

* * *

မန္တလေးသြင်္ကန်တွင်ပိုပြီး ခင်မင်ရင်းနှီးသွားခဲ့ ကြသည် ထင်၏။ ပွဲစား ကိုရွှေသိန်း ရွာသို့ မကြာခဏ လာသည်ကို ကျွန်တော် သတိထားမိသည်။
ခင်စိုးတို့အိမ်က ကျေးဇူးရှင်ကိုရွှေသိန်းကို လိုလေသေးမရှိအောင် ဂရုစိုက်သည်။

မသိန်းဆင့်နှင့် မညွန့်တို့လည်း ပျာယာခတ်နေအောင် ဝိုင်းဝန်းကြသည်။
နောက်တော့ ခင်စိုးနှင့် ဘာလိုလို အသံတွေ ထွက်လာ၏ ။
မှန်ပါသည်။ ဝါမဝင်ခင် မင်္ဂလာဆောင်ကြသည်။
ခင်စိုးက ၁၇ နှစ် ၊ ကိုရွှေသိန်းက ၃၄ နှစ် ၊ အသက်ကတော့ နှစ်ဆကြီး၏ ။
ပိုက်ဆံရှိ မျက်နှာကြီး မင်္ဂလာဆောင် ဖြစ်ရုံမက ဝက်သားဟင်း နှင့် ထမင်းကျွေးမို့ လာသူစားသူ စည်ကားလှသည်။
ကျွန်တော်တို့ ရွာခံ ကာလသားများက ရွာထုံးစံ အတိုင်း မဏ္ဍပ်ထဲမှာ လက်ဖက်ရည်ပွဲချရသည်။
ကိုရွှေသိန်း နှင့် အတူ တွဲ၍ ပြုံးရွင်စွာ ဧည့်ခံနေသော ခင်စိုး။
ကျွန်တော် လက်ဖက်ရည်ပွဲချရင်း မကြာခဏ တိတ်တခိုး လှမ်းကြည့်မိသည်။
“လှလိုက်တာ …. ”
ကျွန်တော် ရင်ထဲမှာ နှမြောတသနေသည်။
သို့သော် ကိုယ့်ချစ်သူ မဟုတ် ကိုယ့်ဘာသာ တစ်ဖက်သက် ချစ်နေမိသူသာဖြစ်၍ လွမ်းခွင့် ဆွေးခွင့်လေးပင် မရှိသော ကျွန်တော့် အဖြစ်။
မင်္ဂလာဆောင်ပြီးတော့ ရွာထဲမှာ ပြောကြဆိုကြသော စကားသံလေးတွေ ထွက်လာသည်။
“ကို ရွှေသိန်းက လူပျိုမဟုတ်ဘူးတဲ့…..”
“မိန်းမနဲ့ ကွဲနေတာတဲ့ …..”
“ကလေး တစ်ယောက်တောင် ရှိတယ်တဲ့ ”
ခင်စိုး မိဘအသိုင်းအဝိုင်းဘက်ကတော့ ….. ။
“မဟုတ်ပါဘူး ၊ လူပျိုလူလွတ် လူပျိုကြီး ပါတဲ့ ….. ”
“ခင်စိုး တစ်ယောက် ပွဲကတော် ဖြစ်သွားပြီတဲ့ ….”
မည်သို့ပင် ဖြစ်စေ ကျွန်တော် ခင်စိုးကို မန္တလေး ကိုလိုက်သွားသည်။
တစ်လခန့်သာ ကြာပါသည်။ ခင်စိုး ရွာပြန်ရောက်လာ၏ ။ သို့သော် ကိုရွှေသိန်း မပါ။
ကိုရွှေသိန်းနှင့် ကွဲနေသော မိန်းမက တရားဝင် ကွာရှင်းထားသည် မဟုတ် ။ ကိုရွှေသိန်း မိန်းမ မှု ပွေသောကြောင့် လင်မယားရန်ဖြစ်ပြီး ရွှေဘိုမြို့မှ မိဘများထံ ပြန်သွားခြင်းဖြစ်သည်။
နောက်အိမ်ထောင် ပြုသည် ကြားသော အခါ ဒေါသကို မောင်းတင်ပြီး သားငယ်ကို ချီ၍ အိမ်ပြန် ရောက်လာသည်။ ခင်စိုးကို ပါးရိုက်သည်။ မကြားဝံ့ မနာသာ ဆဲဆို၍ အိမ်ပေါ်မှ နှင်ချသည်။
ကိုရွှေသိန်းကတော့ ခင်စိုးဘက်က ဟုဆို၏ ။ မဆင်းရန် တားသည်ဟု ပြောကြ၏ ။
သို့သော် ခင်စိုး အရှက်ကြီး ရှက်ပြီး ကိုရွှေသိန်း အိမ်မှ ဆင်း၍ ရွာ ပြန်လာခဲ့သည်။
“အံ့ပါ့တော် … ကျုပ်တို့ကတော့ လူပျိုမှတ်နေတာ ဖွတ်ထွက် မှ တောင်ပို့မှန်းသိတယ် ….. ”
အပျိုကြီး မညွန့် မကျေမနပ် လျှောက်ပြောနေပြန်သည်။
“ဟုတ်ပါ့တော် .. ကျုပ်တို့က သြင်္ကန်သွားတုန်းက စေတနာ ကောင်းလိုက်တာ လို့ အောက်မေ့နေတာ ၊ လက်စသတ်တော့ မောင်မင်းကြီးသားက ဒီယုန်မြင်လို့ ဒီချုံထွင်တာကိုး ၊ ကျုပ်တူမလေး ပန်းကောင်း အညွန့်ကျိုး ၊ သေနာကောင် သေချင်းဆိုး ”
မသိန်းဆင့် နာကြည်းစွာ ကျိန်ဆဲနေပြီ။
ခင်စိုး တစ်ယောက် ကိုယ့်ရပ် ကိုယ့်ရွာမှ လူငယ်များကို လေစိမ်းတွေ တိုက်၍ မန္တလေး သြင်္ကန်ကို ခင်မိသော ကြောင့် ရေစိမ်းတွေ စဉ်ခဲ့ပြီ။
သြော် ဘာလိုလိုနှင့် နှစ်တစ်ပတ် လည်ခဲ့ပြီ။

* * *

သြင်္ကန် အကျနေ့တွင် ခင်စိုး သူ့မိဘများနှင့် အတူ ဥပုလ် ကျောင်းသို့ လိုက်လာသည်။
တဘက်ကလေး ခေါင်းပေါ်တင်၍ ဆံပွဲကလေး ကိုင်ထားသော ခင်စိုး မျက်နှာကလေး ညှိုး ငယ်နေရှာသည်။
“ဟေ့ကောင်တွေ ၊ အပြန်ကျရင် ခင်စိုးကို ရေမပက် ကြနဲ့ …… ”
လှဦးက အစထောင်သည်။ 
“ဟုတ် တယ် …. ဘယ်သူမှ မပက်ကြနဲ့ …… ”
“စိန်လိုက် … ငါတို့ က လုံး ၀ မပက်ဘူး ၊ တို့မှာ ပုံးစုတ် ပဲ ရှိတယ် ၊ သူသန သွားလိမ့်မယ် ”
လူငယ်များက ခင်စိုး ပြောခဲ့ ဆိုခဲ့ သည်များကို နာနေကြဆဲ ဖြစ်၏ ။
သီလယူပြီး ၍ ဘုန်းကြီး ကျောင်းမှ ပြန်လာကြသော အခါ မိန်းကလေးများကို ကာလသားများက ရွာထိပ်ရေတွင်းမှ ဆီးကြို၍ ရေပက်ကြသည်။
သို့သော် ခင်စိုး ကို မည်သူမျှ မပက်ကြ။
ခင်စိုး ကိုယ်မှာ ရေတစ်စက်မျှ မစို။
ခင်စိုး ၏ ဘေးနားမှ မိန်းကလေး များကို သီးခြားခွဲ၍ ရေလောင်းသွားကြသည်။
“ကျွန်တော်တို့ မှာ ရေပိုက် တို့ ဖလားတို့ မရှိလို့ ရေပုံးနဲ့ ပက်ရတာ ကို စိတ်မဆိုးပါနဲ့နော်”
ခင်စိုးဘေးမှ မိချောကို ရေလောင်းသော အောင်ထွန်းက စကား ကွန့်လိုက်သေးသည်..
ကျွန်တော် က သတိထား၍ ကြည့်နေမိသူမို့ မြင်ပါသည်။
သူ့ခဗျာ စိတ်မာန် ကျ၍ နောင်တရကာမှ ဒဏ်ခတ်ရ မည်က သနားစရာ။
ကျွန်တော် ခင်စိုးနားသို့ သွား၍ ပုံးထဲမှ တွင်းရေကြည်ကြည် အေးအေး နှင့် ခင်စိုး၏ ပခုံး ကျောပြင်ဆီသို့ တဖြည်းဖြည်း သက်သာ လောင်းချလိုက်ပါသည်။
သို့သော် ကရုဏာရေ နှစ်သိမ့်အားပေးသော ရေ။

လယ်တွင်းသား စောချစ်
ငွေတာရီ မဂ္ဂဇင်း
ဧပြီ၊ ၁၉၉၁

သတင်းသစ်များ