၀တ္တု      

ကျေးဇူးပါပဲ ကိုဦးရယ် - လယ်တွင်းသားစောချစ်

“ဟင် ဘယ်လိုဖြစ်တာပါလိမ့်”
ဗန္ဓုလ ပန်းခြံလမ်းမှ အနော်ရထာ လမ်းမကြီးသို့ အထွက် မှာ မော်တော်ကား စက်ရပ်သွားသည်။ ဦးမြင့်ထွန်း အမြန်ပြန်နှိုးသည်။ မရ။
သော့ကို အကြိမ်ကြိမ် ဖွင့် ကြည့်ထားသော်လည်း မော်တာဆွဲသံ လုံး၀ ထွက်မလာ။
တစ်ခါမျှ ဖြစ်ဖူးခြင်း မရှိ။ နှိုးလိုက်တိုင်း ဒေါက်ဝှီး ။ ခုတော့ တုတ် တုတ် မျှ မလှုပ်။
“ကား ပျက်သွားပြီလား …. ”
ဦးမြင့်ထွန်း စိုးရိမ်မိသည်။
တီ ….. တီ ….. တီ ….. တီ …..
တီ ….. တီ ….. တီ ….. တီ …..
နောက်မှာရှိသော ကားတန်းရှည်ကြီးက ဟွန်းသံရှည်များ ဆူညံစွာ တီးနေကြပြီ။
စက်နှိုးရန် ထပ်ပြီး ကြိုးစားသည်မရ ။ ဦးမြင့်ထွန်း ဘာလုပ်ရမည် မှန်းမသိ။
ကားဟွန်းသံများက ဆူညံစွာ ထွက်ပေါ်နေဆဲ။ တက်ဆီမောင်းသူများက အကဲဆုံး။ သူတို့ကို အစတည်းက ဦးထွန်းမြင့် မကျေနပ်။
အငှားယာဉ်မောင်းသူတို့သည် အမြဲတမ်း အလောတကြီး ဖြစ်နေကြသည်။ သူများ ယာဉ်ကြောထဲဝင်လိုလျှင် လက်တစ်ချောင်းထောင်၍ အတင်းဖြတ်ဝင်သည်။ အဝင်အထွက်ကလည်း ရဲလည်း ရဲသည်။ ကျွမ်းလည်း ကျွမ်းသည်။ သူတို့ယာဉ်ကြောထဲကိုယ်က ဝင်ချင်ရင်တော့ မရ ။ မဝင်ရန် ဟွန်းတီး ဟန့်တားပြီး အတင်းပိတ်မောင်းသည်။ ကိုယ်ကလည်း သူတို့လို အဝင်အထွက် မရဲ။ သူတို့လောက်လည်း မကျွမ်း။
ခံရဖန်များတော့ အငှားယာဉ်မောင်းသူများကို မကျေနပ်။
တီ ….. တီ ….. တီ ….. တီ …..
ဟွန်းတီးနေသော ကားများကို ဦးမြင့်ထွန်းလှည့်ကြည့်သည်။
“ခင်ဗျား ….. ဒီအတိုင်းရပ်ထားလို့ ဘယ်ရမလဲဗျ ၊ ကားတွေ အကုန်ပိတ်ကုန်ပြီ ….. ”
နောက်မှ တက္ကဆီမောင်းသမားက မကျေမနပ်သော ဒေါသနှင့်လှမ်းအော်ပြောနေသည်။
“ကားစက်နှိုးလို့ မရတော့ဘူးခင်ဗျ။ ကျွန်တော် ဘာလုပ်လို့ရမှာလဲ ၊ လမ်းပွင့်ချင်ရင် … ခင်ဗျားတို့ လာတွန်းပေါ့…..”
ဦးမြင့်ထွန်းကလည်း မကျေမနပ်နှင့် ပြန်ပြောသည်။
အလျင်စလို ဖြစ်နေကြသော အငှားယာဉ်မောင်းသူ လေးဦး မကျေမနပ် ဆင်းလာကြသည်။ ယာဉ်ထိန်းရဲ တစ်ဦး ရောက်လာပြီး လမ်းပိတ်နေသော ဦးမြင့်ထွန်း၏ ကားကို ဝိုင်းတွန်းကြသည်။
ဦးမြင့်ထွန်းကား ပေါ်တက်ပြီး အနော်ရထာ လမ်းထဲ ချိုးကွေ့ဝင်လိုက်သည်။ လွယ်လွယ်တော့ လည်း မဟုတ်။ ရှေ့မှာလည်း ကားရေစီးကြောင်းကြီးက အဆက်မပြတ် စီးဆင်းနေသည်။ သူများကားကို မတိုးမိအောင်လည်း သတိထားရသေးသည်။
တွန်းသူများတော့ သူတို့ လမ်းကြောင်းပွင့် လျှင်ပြီးရော အတင်းတွန်းကြသည်။ ကားကို အနော်ရထာလမ်းဘေးမှ ကပ်ရပ်လိုက်သည်။ ကိုယ့်ကားကို ကြည့်ပြီး ဦးမြင့်ထွန်း စိတ်ပျက်နေမိသည်။ အဖော်လည်းမပါ ၊ အနီးအနားမှာ အသိလည်းမရှိ။ ဤနေရာတစ်ဝိုက်မှာ ကားဝပ်ရှော့လည်း မရှိနိုင်။ မိန်းမက သိမ်ကြီးဈေးမှာ စောင့်နေရန် မှာထားခဲ့သည် ။ လက်မှ နာရီကြည့်လိုက်သည်။ (၅) နာရီ ဆယ်မိနစ်တိတိ။
မိန်းမခဗျာ တစ်ယောက်တည်း စောင့်နေရှာလိမ့်မည်။
“ငါ ဘယ်လိုလုပ်ရမှာလဲ ၊ ဘယ်သူ့ကို အကူအညီတောင်းရမလဲ”
ဟိုဟိုသည်သည် လျှောက်ကြည့်သည်။
လမ်းတစ်ဖက်မှာ ဗန္ဓုလပန်းခြံထဲတွင် အငှားယာဉ်လေးစီး ရပ်ထားသည်ကို တွေ့ရသည်။ ကားများအနီးတွင် ယာဉ်မောင်းဖြစ်ဟန်တူသူ သုံးဦးရပ်လျက် စကားပြောနေကြသည်။
မတက်နိုင် ၊ သူတို့ကိုပင် အကူအညီတောင်းကြည့်ရမည်။ အငှားယာဉ်မောင်းသူများသည် ကားလေးကျွမ်းသည်။ ကားလည်း ပြင်တက်မည် ထင်သည်။
ဦးမြင့်ထွန်း လမ်းတစ်ဖက်သို့ ကူးသွားသည်။
ရုတ်တရက် ကားစက်ရပ်သွားကြောင်း ပြန်နှိုး၍ မရကြောင်းနှင့် နားလည်လျှင် လိုက်ကြည့်ပေးပါရန်နှင့် တောင်းတောင်းပန်ပန် ပြောပြသည်။ နှစ်ယောက်က လိုက်လာကြည့်သည်။
သူတို့ နှိုးကြည့်သည် မရ။ ကားစက်ဖုံးကို ဖွင့်ပြီး မော်တာကို ခွနှင့် ခေါက်သည်။ ပြန်နှိုးသည် ။ ဘာသံမျှ ထွက်မလာ။
“မော်တာ ပျက်သွားပြီ ။ မရတော့ဘူး ……. ”
အရပ်ရှည်ရှည် အသားဖြူဖြူ နှုတ်ခမ်းမွေးရေးရေးနှင့် လူငယ်ကပြောသည်။
“ဟာ အဲဒါဆိုရင် ဘယ်လိုလုပ်ရမလဲ ညီလေးရာ …. ဒီနားမှာ ဝပ်ရှော့ရှိလား ….. ”
“ဒီနားမှာတော့ မရှိဘူး ၊ ကျွန်တော်သိတဲ့ မော်တာပြင်ဆိုင်တော့ ရှိတယ်။ သူတို့ကတော့ မော်တာပဲ ကိုင်တာ ၊ လိုက်ပြင်တာတော့ မလုပ်ဘူး ၊ အခက်အခဲ ဖြစ်နေတာ ပြောပြရင် တော့ လိုက်မလားမသိဘူး ……”
“သူတို့ လိုက်လာရင် ပြင်လို့ရနိုင်လား ………… ”
ဦးမြင့်ထွန်း ရစေချင်သော ဆန္ဒနှင့် မေးခြင်းဖြစ်သည်။
လူငယ်က ခေါင်းရမ်းပြသည်။
“ရမယ်မထင်ဘူး ၊ ဒါပေမဲ့ စက်နှိုးလို့ရရင်တော့ ဝပ်ရှော့အထိ မောင်းသွားလို့ ရမှာပေါ့ …. ဟိုရောက်ရင် မော်တာလည်း ရမှာပဲ …. ”
“မော်တာ လဲရင် ဘယ်လောက်ရှိလဲ ….. ”
“တစ်သောင်းလောက်တော့ ရှိမယ် ……… ”
“ဒီမော်တာကိုပဲ ပြန်ပြင်ရင်ရော ….. ”
“သိပ်မကွာဘူး ၊ ရှစ်ထောင်လောက် ကျမယ် ၊ ကျွန်တော်ဆိုရင်တော့ လဲလိုက်မှာပဲ ……….. ”
“ဒါဆို ခင်ဗျား တက္ကဆီနဲ့ ကျွန်တော့်ကို လိုက်ပို့ပါဗျာ ”
“ကျွန်တော်က တက္ကဆီ သိမ်းတော့မှာ …. ငါးနာရီ ခွဲ နေတိုင်းသိမ်းတာ ၊ ဒါပေမယ့် လိုက်ပို့ပေးပါ့မယ် ၊ လိုက်ပြင်ပေးဖို့လည်း ပြောပေးပါ့မယ် ၊ ဦးလဲ ပြောပြပါ ”
နှစ်ယောက် သဘောတူညီမှုရပြီမို့ သူ့ကားလေးနှင့် ထွက် လာခဲ့ရသည်။ ဦးမြင့်ထွန်းကားကိုတော့ လမ်းဘေးမှာပင် ထားခဲ့ရသည်။
“သိမ်ကြီးဈေး ခဏဝင်ပေးပါနော် ၊ ကျွန်တော့်မိန်းမ စောင့်နေတာ ဝင်ခေါ်ချင်လို့ …. ”
“ရပါတယ် …. ”
တစ်လမ်းမောင်းဖြစ်၍ ဦးမြင့်ထွန်း၏ မိန်းမရှိသော နေရာသို့ရောက်အောင် သိမ်ကြီးဈေးကို ကျော်ပြီးမှ တစ်ပတ် ပြန်လှည့်ရသည်။
ကြာနေပြီမို့ စိတ်ပူနေသော မိန်းမကို ဦးထွန်းမြင့် ခပ်မြန့်မြန် ရှင်းပြပြီး ကားပေါ်တက်၍ ဝပ်ရှော့ကို ဆက်သွားကြသည်။ ရောက်နိုင်ခဲပါဘိ။ အလုံအထိ တော်တော် ဝေးဝေး သွားရသည်။
ရောက်ပြီ ။ အငှားယာဉ်မောင်းသူက မော်တာပြင်ဆရာကို ကားမှာ မောင်း၍ မရ၍ လိုက်ပြင်ပေးရန် တောင်းတောင်းပန်ပန် ပြောပေးသည်။ မော်တာပြင်ဆရာက သူ့ဆိုင်မှာ အလုပ်များနေ၍ မလိုက်နိုင်ကြောင်း ငြင်းသည်။
တက္ကဆီ မောင်းသူ လူငယ်က တပည့် တစ်ယောက်ကို ထည့်ပေးရန် ထပ်ပြောသည်။ နောက်ဆုံးတော့ ကောင်လေး တစ်ယောက် ထည့်ပေးလိုက်သည်။ 
အလုံ မော်တာပြင်ဆိုင်မှ ဘားလမ်းအထိ ပြန်မောင်းခဲ့ ကြသည် ၊ လမ်းတွင် ဦးမြင့်ထွန်းခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာသည်။ 
“တက္ကဆီခ ဘယ်လောက်ပေးရ မှာပါလိမ့် ” ဟူသော အတွေးတစ်ခု ဖြစ်သည်။
ခရီးစဉ်က ဗန္ဓုလ ပန်းခြံလမ်း ၊ ဓာတ်ဆီဈေးက တစ်ဂါလံ တစ်ထောင်။
ထောင့်ငါးရာတောင်းလျှင် တန်သည်။ ရှစ်ရာဆိုလည်း မဆိုး သိမ်ကြီးဈေးလှည့်ပတ်ဝင်ရသေး၍ နှစ်ထောင့်ငါးရာ တောင်းလျှင်လည်း တောင်းသင့်သည်။ အများဆုံး သုံထောင်ဟု ခန့်မှန်းသည်။ သို့သော် ကြိုတင်ပြီး ဈေးပြောခဲ့တာမရှိ။ သူတောင်းလျှင် တောင်းသမျှ ပေးရတော့မည်။
ရင်းနှီးခင်မင်သော တက္ကဆီမောင်းသူတစ်ဦးကို ရင်းနှီးသည်ပဲ ဟူ၍ ဘာမျှ မပြောဘဲ ငှားစီးခဲ့ဘူးသည်။ သူများငှားလျှင် တစ်ထောင်သာ ပေးရမည့်ခရီးကို နှစ်ထောင်တောင်း၍ ပေးခဲ့ရဖူးသည်။
နှုတ်ခမ်းမွေးရေးရေးနှင့် လူငယ်ဘက်ဆီသို့ မသိမသာ လှမ်းကြည့်လိုက်မိသည်။ သူကတော့ ရှေ့ဆီသို့ ကြည့်၍ ကားကို အေးဆေးစွာ မောင်းလျက်။
“အေးလေ ….. လေးထောင်တောင်းလဲ ပေးရမှာပဲ ၊ သူက ဝပ်ရှော့ကိုလည်း လိုက်ပြသည်။ ဝပ်ရှော့မှ လူငယ်မှာလည်း သူပြောပေး၍ လိုက်ပါလာခြင်းဖြစ်သည်။”
လက်မှနာရီကို ကြည့်လိုက်သည်။ ခြောက်နာရီဆယ်မိနစ်။ မမှောင်မီ ကားပြင်၍ ပြီးချင်သည်။ သူမောင်းသည်က မြန်သည်။ လမ်းကြောင်းပြောင်းရာ လက်တစ်ချောင်းထောင်ကာ ထောင်ကာ ကူးပြောင်းသွားသည်။ ကျွမ်းသည်။ ကိုယ်လို သာ မောင်းနေလျှင် စောင့်နေရသည်နှင့် ကြာဦးမည်။
ကားရပ်ထားခဲ့ရာ နေရာသို့ ရောက်ပြီ။ သူက ဝပ်ရှော့မှ ကောင်လေးကို ကားစက်ခန်းဖွင့်ပေးသည်။ ကောင်လေးက ဦးစွာ စက်နှိုးကြည့်သည် မရ။ မော်တာကို ခေါက်သည်။ ထုသည်။ စက်နှိုး၍ ရသွားပြီ။
ဝပ်ရှော့ပြန်သွားပြီး မော်တာ လဲရန်သာ ကျန်တော့သည်။
“ကားခ ဘယ်လောက်ပေးရမလဲ …. ”
ဦးမြင့်ထွန်း၏ လေသံက မဝံ့မရဲ။
အငှားယာဉ်မောင်းသူက တစ်ချက်မျှ စဉ်းစားဟန်ပြုသည်။
“ငါးရာပဲ ပေးပါ …”
“ဗျာ …. အံ့သြစရာကြီး ….. ”
ဦးမြင့်ထွန်းစိတ်ထဲမှာ အံ့သြလွန်းလို့ အသံထွက်ပြောလိုက်မိခြင်းဖြစ်သည်။
အငှားယာဉ်မောင်းသူက ပြုံးသည်။
အလကား ကူညီခြင်း မဟုတ်ရံ၊ စတိမျှ တောင်းသော ယာဉ်ငှားခ ဖြစ်ပါသည်။
အလကား ကူညီခြင်း ဖြစ်သည်ဟု ဦးမြင့်ထွန်း ခံစားရပါသည်။
“နာမည်လေး ပြောခဲ့ပါဦးဗျာ ….. ”
အငှားယာဉ်မောင်းသူများအပေါ် မကျေမနပ် ရှိနေသည်များအားလုံး ကျေပျက်သွားသည်။
“ကျေးဇူးပါပဲ ကိုဦးရယ် ….. ”
ဦးမြင့်ထွန်းကားမောင်းနေရင်း စိတ်ထဲမှာ ထပ်ပြောမိ ခြင်းဖြစ်ပါသည်။

လယ်တွင်းသားစောချစ်
၂၀၀၂၊ ဒီဇင်ဘာ
Crd- online စာကြည့်တိုက်

သတင်းသစ်များ